ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြို့နယ်ခွဲရုံး စစ်တွေတွင် ထပ်မံဖွင့်လှစ်

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြို့နယ်ခွဲရုံး စစ်တွေတွင် ထပ်မံဖွင့်လှစ်
by -
မောင်အေး
မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေး ပါတီ အဖြစ် ဖွဲ့စည်းတည်ထောင်ခွင့်ရရှိ ထားသည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မြို့နယ်ခွဲရုံးကို စစ်တွေတွင် လွန်ခဲ့သည့် စနေနေ့ က ထပ်မံ ဖွင့်လှစ်...

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေး ပါတီ အဖြစ် ဖွဲ့စည်းတည်ထောင်ခွင့်ရရှိ ထားသည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မြို့နယ်ခွဲရုံးကို စစ်တွေတွင် လွန်ခဲ့သည့် စနေနေ့ က ထပ်မံ ဖွင့်လှစ်ခဲ့သည်။

ပါတီ ခေါင်းဆောင် တဦးက ရုံးဖွင့်လှစ်ခဲ့ခြင်းကို ယခုကဲ့သို့ပြောသည်။

“ပါတီ ဗဟိုရုံးကို စစ်တွေမှာ ဖွင့်လှစ်ပီးတဲ့နောက် အခုတခါ စစ်တွေမြို့နယ်ခွဲရုံးကို ဘောက်သီးစု ရပ်ကွက်မှာ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အားလုံး အဆင်ပြေပြီး စည်းရုံးရေး လုပ်ငန်းတွေကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။”

အဆို ပါတီ၏ စစ်တွေမြို့နယ် ဥက္ကဌမှာ ဘူးသီးတောင်မြို့နယ် အငြိမ်းစား ပညာရေးမှူး ဦးသာလူချေ ဖြစ်ပြီး အတွင်းရေးမှူးမှာ ကိုအောင်မြကျော် ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲနေ့က ပါတီ ခေါင်းဆောင်များသာမက မြို့နေလူထု အတော်များများလည်း တက်ရောက် ခဲ့သည်ဟု သူက ဆက်ပြောသည်။

“နိုင်ငံရေး သမားတွေ၊ စီးပွားရေး သမားတွေနဲ့ အစိုးရ အငြိမ်းစား ၀န်ထမ်းတွေနဲ့ မြိုခံ လူထု လူတော်တော်များများ တက်ရောက် ကြတယ်။ အခုပုံတိုင်း ဆိုရင်တော့ အခြေနေကတော့ ကောင်းတဲ့ သဘောမျိုးရှိပါတယ်။ ပါတီအပေါ် ရခိုင်လူထု စိတ်ဝင်စားကြတာကို တွေ့ရတဲ့ အတွက် ကျေနပ် စရာပါဘဲ။”

ရခိုင်တိုင်းရင်းများ တိုးတက်ရေး ပါတီ၏ ပြည်နယ် ဗဟိုရုံးကို စစ်တွေမြို့ လမ်းမတော် (တောင်) ရပ်ကွက်တွင် ဇွန်လ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဖွင့်ပွဲနေ့တွင်လည်း စစ်တွေမြို့ခံ လူထု အများအပြား တက်ရောက်ခဲ့သည်။

၎င်းနောက်ပိုင်းတွင် ရခိုင်ပြည်နယ် မြို့နယ် အနှံ့အပြားတွင် မြို့နယ်ခွဲရုံးများကို ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ဇွန်လ ၁၉ ရက်နေ့ မြောက်ဦးမြို့ နယ် ရုံးခွဲကို ဖွင့်လှစ်ခဲ့ပြီး ဇူလိူင်လ ၁၁ ရက်နေ့ကလည်း အလားတူ ရုံးများကို ပုဏ္ဍားကျွန်းနှင့် ကျောက်တော် တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၎င်းပြင် ဇူလိူင်လ ၁၇ ရက်နေ့တွင် ရသေ့တောင်နှင့် မြေပုံတွင် ရုံးများ ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆက်လက်၍ တောင်ကုတ်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပါတီ ထိပ်တန်း ခေါင်းဆောင် တဦးက ပြောသည်။

အလားတူ ပါတီ၏ (ရန်ကုန်တိုင်း) စည်းရုံးရေးကော်မီတီကိုလည်း အဖွဲ့ဝင် ၂၀ ဦးဖြင့် ဇွန်လ ၁၉ ရက်နေ့ က ဖွဲစည်းခဲ့ပြီး ရန်ကုန်တိုင်း ကျောက်တံတား မြို့နယ်တွင် ရုံးဖွင့်ထားပြီး စည်းရုံးရေးလုပ် ငန်း များလုပ်ဆောင်နေကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီသည် ယခုအခါ စည်းရုံးရေး လုပ်ငန်းများကို ကြံ့ဖွတ် ပါတီကဲ့သို့ ရခိုင်ပြည်နယ်တွင် လုပ်ကိုင်ခွင့် ရနေပြီ ဖြစ်ကြောင်း သိရသည်။

Most read this week