ကြံ့ဖွံ့ပါတီအတွက် ကြံ့ဖွံ့အသင်း စည်းရုံးရေးဆင်းပေး

ကြံ့ဖွံ့ပါတီအတွက် ကြံ့ဖွံ့အသင်း စည်းရုံးရေးဆင်းပေး
သျှမ်းပြည်(မြောက်ပိုင်း)နမ့်ခမ်းမြို့နယ်တွင် ၀န်ကြီးချုပ်ဦးသိန်းစိန် ဦးဆောင်သော ကြံ့ဖွတ်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး)ပါတီအတွက် လူထုစည်းရုံးရေးလုပ်ငန်းများကို ကြံ့ဖွတ်အသင်းက အဓိကလုပ်ဆောင်ပေးနေရ...

သျှမ်းပြည်(မြောက်ပိုင်း)နမ့်ခမ်းမြို့နယ်တွင် ၀န်ကြီးချုပ်ဦးသိန်းစိန် ဦးဆောင်သော ကြံ့ဖွတ်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး)ပါတီအတွက် လူထုစည်းရုံးရေးလုပ်ငန်းများကို ကြံ့ဖွတ်အသင်းက အဓိကလုပ်ဆောင်ပေးနေရကြောင်း နမ့်ခမ်း မြို့နယ် ကြံ့ဖွတ်အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နအဖအာဏာပိုင်များ တည်ထောင်ထားသော  ကြံ့ဖွတ်အသင်းမှနိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့သော အဆိုပါကြံ့ဖွတ် ပါတီအနေဖြင့် ပါတီလုပ်ငန်းများအဆင်သင့်မဖြစ်သေးမီ  အသင်းကကြိုတင်ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု သူကဆို သည်။

“လက်ရှိမှာ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ရုံးခန်းတွေမရှိသေးခင်မှာတော့ အသင်းကပဲ လူထုစည်းရုံးရေး လုပ်ပေးနေတာပေါ့။ ပါတီအနေနဲ့ စည်းရုံး ရေးလုပ်မယ်ဆိုရင် အသင်းကလုပ်သလို အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အကူအညီယူဖို့ အ ခက်အခဲရှိမယ်” ဟု သူကဆိုသည်။

လွန်ခဲ့သည့် မေ ၁၉ ရက်မှစ၍ ကြံ့ဖွတ်အသင်းအနေဖြင့် နမ့်ခမ်းမြို့ပေါ်နှင့် ဒေသတွင်းရှိကျေးရွာများတွင်ကြံ့ဖွတ်ပါတီဝင်စုဆောင်းရေး လုပ်ဆောင်ခဲ့ ရာ ပါတီဝင်အင်အား အနည်းဆုံး ၅၀၀၀ ရရန် အာမခံထားရကြောင်းသိရသည်။

ကြံ့ဖွတ်အသင်းအား ယခုလ ၆ ရက်နေ့က စတင်ဖျက်သိမ်းလိုက်ပြီး ရန်ကုန်တိုင်းအတွင်း၌ ဆိုင်းဘုတ်များဖြုတ်ချနေသည် ဆိုသည့်တိုင်အောင် နမ့်ခမ်းမြို့နယ် တွင် ကြံ့ဖွတ်အသင်းဆိုင်းဘုတ်များ ဖြုတ်ချခြင်းမရှိသေးကြောင်း သူကဆက်ပြော သည်။

“ကြံ့ဖွတ်ပါတီရုံး ခန်းဖွင့်ဖို့ ဆိုင်းဘုတ်တွေတင်ဖို့ ညွန်ကြားချက်တော့ ရောက်ထားပြီ။ ဒါပေမဲ့ဒီမှာတော့ ဘာမှမလုပ် သေးဘူး။အသင်းဆိုင်းဘုတ် လည်း မဖြုတ်သေးဘူး။ ဒီကြားထဲမှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်ခဲ့တာပေါ့ ” ဟု သူက ပြောသည်။

ပါတီဝင်စည်းရုံးရေးလုပ်ငန်းဟုဆိုသော်လည်း အမှန်တကယ်မှာ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများ၏ အကူအညီဖြင့် သတ်မှတ်ချက်အလိုက် မဝင်မနေရ လူသစ်စုဆောင်းခြင်းသာဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ နိုင်ငံရေးပါတီများသည် နိုင်ငံတော်ပိုင်ပစ္စည်းဥစ္စာနှင့် ဘဏ္ဍာငွေကြေးများ သုံးစွဲခွင့်မရှိကြောင်း ထုတ်ပြန်ထားသည့်တိုင်အောင် နအဖအာဏာပိုင်များ တည်ထောင်ထား သော ကြံ့ဖွံ့အသင်းနှင့် လက်ရှိ ၀န်ကြီးချုပ်ဦးသိန်းစိန်တို့၏ ကြံ့ဖွတ် ပါတီမှာ ရှင်းရှင်းလင်းလင်းမရှိကြောင်း လေ့လာသူများက ထောက်ပြသည်။

Most read this week