ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ပြစ်ဒဏ် ၅ နှစ် ကျခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) အဖွဲ့ဝင် ကိုသန်းမြင့်အောင်ကို အီလက်ထရောနစ် ပုဒ်မဖြင့် ယမန်နေ့က ထောင်ဒဏ် ၁ဝ နှစ် ထပ်မံချမှတ်လိုက်သည်။
ပြီးခဲ့သည့်လ ၁ ရက်နေ့တွင် သင်္ကန်းကျွန်းမြို့နယ် တရားရုံးက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုတို့ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီးနောက် ယမန်နေ့တွင် ကျောက်တံတား မြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဒေါ်နုနုခင်က ထပ််တိုးအမှု ပုဒ်မ ၃၃ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ထပ်မံ၍ ချမှတ်ခြင်း ဖြစ်သည်။
“ထောင်ဒဏ်ချအပြီး အင်းစိန်ထောင်ကို ပြန်ခေါ်သွားတယ်။ ကျန်းမာရေးကောင်းတော့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့၊ ရွှင်ရွှင်လန်းလန်းနဲ့၊ တက်တက်ကြွကြွပဲ။ သူများတွေ ၆၅ နှစ်နဲ့စာရင် သူ အများကြီးတော်သေးတယ်၊ ဘာမှ ဝမ်းနည်းစရာ အကြောင်းမရှိဘူးလို့ပဲ ပြောတယ်” ဟု တရားရုံး တက်ရောက် ခဲ့သည့် မိသားစုဝင်နှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။
သူသည် မလေးရှားတွင် ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် နှောင်းပိုင်းအထိ အလုပ်လုပ်ကိုင်ခဲ့ပြီး နာဂစ်မုန်တိုင်းသင့် ပြည်သူများကို ကူညီရန်အတွက် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာကာ ပြီးခဲ့သည့်နှစ် မတ်လ ၄ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် နိုင်ငံကူးလက်မှတ် လျှောက်ထားစဉ် တာမွေမြို့နယ် ဘတ်စ်ကား မှတ်တိုင်တခု၌ ရဲက ဖမ်းဆီးခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) တွင် အလုပ်လုပ်ပြီး တရားမဝင် ပြန်လည်ဝင်ရောက်လာသူအဖြစ် ရဲက တရားစွဲဆိုခဲ့သည်။
ပြီးခဲ့သည့်လ ၁ ရက်နေ့တွင် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ၂ နှစ်၊ လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်အဖြစ် တပေါင်းတည်းကျခံရန် သင်္ကန်းကျွန်းမြို့နယ် တရားရုံး တရားသူကြီး ဒေါ်ညွန့်ညွန့်ဝင်းက ချမှတ်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ထပ်မံအမှုတင်ခဲ့ပြီး ယမန်နေ့တွင် နောက်ထပ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် စီရင်လိုက်ကာ ယခင် ပြစ်ဒဏ် ၅ နှစ်နှင့် တပေါင်းတည်း ကျခံရမည် ဖြစ်သည်။
ထိုဥပေဒသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် လုံခြံုရေးကို ထိခိုက်စေနိုင်သော သတင်းအချက်အလက်များကို အင်တာနက်မှ ပေးပို့ဖြန့်ချိမှုဖြစ်ကာ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများကို ထောင်ချရာတွင် စစ်အစိုးရက တွင်ကျယ်စွာ အသုံးပြုသော ဥပဒေ ဖြစ်သည်။
ကိုသန်းမြင့်အောင် အမှုအတွက် လိုက်ပါဆောင်ပေးသည့် ရှေ့နေ ဒေါ်စိုးစိုးမာက ယခင် ၂ မှုအတွက် အယူခံဝင်ထားသလို၊ ယခုအမှုအတွက်ပါ အယူခံဝင်သွားမည်ဟု သိရသည်။