ဒေါ်စု၏ ကိုယ်ရေးအရာရှိ လွတ်မြောက်လာ

ဒေါ်စု၏ ကိုယ်ရေးအရာရှိ လွတ်မြောက်လာ
by -
ဖနိဒါ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်သည် ၁၄ နှစ်ကျော် အကျဉ်းကျ ခံရပြီးနောက် စစ်ကိုင်းတိုင်း ကသာမြို့ အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်...

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်သည် ၁၄ နှစ်ကျော် အကျဉ်းကျ ခံရပြီးနောက် စစ်ကိုင်းတိုင်း ကသာမြို့ အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသည်။

သူသည် နိုင်ငံခြား သတင်းဌာနများကို မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပို့သည်ဟု စွပ်စွဲခံရကာ ၁၉၉၆ ခုနှစ် မေလအတွင်း ဖမ်းဆီးခံရ ပြီးနောက် စစ်အစိုးရက ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ရသူ ဖြစ်သည်။

၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကျဉ်းသား ၉ဝဝ၂ ဦးကို စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးအပြီး ကသာမြို့ တည်းခိုခန်းတခုတွင် နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB သို့ အင်တာဗျူး ပေးသည်ဟုဆိုကာ ဖမ်းဆီးထောင်ချခံ ခဲ့ရပြီးနောက် ၂ နှစ်ခန့်အကြာတွင် ပြန်လွတ်လာခြင်း ဖြစ်သည်။

“လွတ်ပါပြီ၊ လွတ်ရက်စေ့ပြီး ကျော်တောင်ကျော်နေပြီလေ” ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP - B) မှ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က မဇ္စျိမကို ပြောသည်။

ဦးဝင်းထိန်၏ ဇနီးဖြစ်သူက အခြေအနေ အသေးစိတ် မသိရသေးသဖြင့် လွတ်မြောက်သည့် အကြောင်းရင်းကို ပြောဆိုရန် ငြင်းဆိုသည်။

၆၉ နှစ်အရွယ် ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၁၉၈၉ ခုနှစ်ထဲတွင်လည်း ကာလတို ချုပ်နှောင်ခံရပြီး စစ်ကြောရေး၌ ထောက်လှမ်းရေးများ၏ ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရသေးသည်။

သူသည် ၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ်မှ ကျောင်းဆင်းခဲ့ရာ ကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင် ၅ နှစ်ခန့် စစ်မှုထမ်းခဲ့သည်။ တပ်တွင်းမှ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတရပ်တွင် ပတ်သက်သည်ဟုဆိုကာ စစ်တပ်မှ ထွက်ခဲ့ရခြင်း ဖြစ်သည်။

၂ဝဝ၈ ခု စက်တင်ဘာလတွင် အကျဉ်းသား ၉ ထောင်ကျော် လွှတ်ပေးခဲ့ရာတွင် သူနှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းနိုင်နှင့် ဦးအောင်စိုးမြင့်တို့လည်း လွတ်မြောက်လာခဲ့သည်။