ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် ၃၅ နှစ် ကျနေသည့် နာမည်ကျော် ဟာသပညာရှင် ဇာဂနာ ခေါ် ကိုသူရ၏ ဖခင် ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေသည် အသက် ၈၇ နှစ် အရွယ်တွင် ရန်ကုန်တိုင်း ရန်ကင်းမြို့ နေအိမ်၌ ယနေ့ ကွယ်လွန်သွားပြီ ဖြစ်သည်။
“လူကြီးရောဂါကြောင့် ဒီနေ့ ညနေ ၅ နာရီမှာ ဆုံးတာပါ။ မနေ့ကတည်းက နည်းနည်းဖျားနေတာ။ ဒီနေ့ ညနေမှာ အစာတခုစားပြီး အိပ်သွားတာ ပြန်မနိုးလာတော့ဘူး” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။
“သူ့သား အထဲရောက်နေတုန်း ကွယ်လွန်တယ်ဆိုတော့ တော်တော် စိတ်မကောင်းဖြစ်တယ်။ သူက မြန်မာ့ယဉ်ကျေးမှုတွေအကြောင်း တော်တော်ကို ရေးခဲ့တဲ့လူပါ” ဟု သတင်းစာဆရာကြီး မောင်ဝံသက မဇ္ဈိမကို ပြောသည်။
ဆရာကြီး နန်းညွန့်ဆွေသည် ပဲခူးတိုင်း ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာကျေးရွာတွင် အဖ ဦးထက်၊ အမိ ဒေါ်ရွှေဆိုင်တို့က မွေးဖွားခဲ့သည်။
၁၉၄၈-၅၃ ခုနှစ်တွင် ပြန်ကြားရေးဌာန (ဗဟိုရုပ်ရှင်) နှင့် ၁၉၅၃ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် အမှုထမ်းခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် မင်္ဂလာဒုံ ဗဟိုနိုင်ငံရေး သိပ္ပံကျောင်း၌ နိုင်ငံရေးသင်တန်းနှင့် မှော်ဘီ စိုက်ပျိုးရေးကျောင်း၌ စိုက်ပျိုးရေး ကေဒါသင်တန်းတို့ တက်ရောက်ခဲ့ သေးသည်။
၁၉၆၁ ခုနှစ်တွင် မေတ္တာ တေးသံကဗျာများ၊ ၁၉၇၈ ခုနှစ် စာဆိုမာန်ကဗျာများ ရေးသားထုတ်ဝေခဲ့ကာ၊ ဂီတဝါသနာရှင် တဦးအဖြစ် ခေတ်ဟောင်း၊ ခေတ်သစ် ဂီတဆောင်းပါးများ၊ အတ္တုပ္ပတ္တိ စာအုပ်များလည်း ပြုစုခဲ့သည်။ နန်းညွန့်ဆွေ ကလောင်အမည်အပြင် သုခမိန် အမည်ဖြင့်ပါ ရေးသားခဲ့သူ ဖြစ်သည်။
၁၉၅၅ ခုနှစ်တွင် ဇနီးသခင်မ ဒေါ်လှကြည် ခေါ် စာရေးဆရာမ ကြည်ဦးနှင့် လက်ထပ်ခဲ့ပြီး ကိုဝဏ္ဏ (ကွယ်လွန်)၊ ကိုတေဇ နှင့် လူရွှင်တော် ကိုသူရ (ဇာဂနာ) တို့ကို မွေးဖွားခဲ့သည်။
ကိုဇာဂနာထံသို့ ဖခင်ကွယ်လွန်ကြောင်း အကြောင်းကြားရန် ကြိုးစားနေကြောင်း မငြိမ်းက ပြောသည်။
နိုင်ငံကျော် လူရွှင်တော် ဇာဂနာမှာ နာဂစ်မုန်တိုင်းသင့် ပြည်သူများကို ကူညီနေစဉ် အီလက်ထရောနစ် အက်ဥပဒေနှင့် နိုင်ငံတော် လုံခြံုရေးနှင့် ဗီဒီယို အက်ဥပဒေများဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရခြင်း ဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်လှကြည် (ခေါ်) စာရေးဆရာမကြီး ယုဝတီကြည်ဦး သည်လည်း အသက် ၈၃ နှစ်အရွယ် ၂ဝဝ၉ ခုနှစ်် မတ်လ ၂ဝ ရက်နေ့တွင် အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
ဆရာကြီး နန်းညွန့်ဆွေ၏ ကျန်ရှိသော ရုပ်ကလာပ်ကို မနက်ဖြန် နံနက် ၁၁ နာရီတွင် ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည် ဖြစ်သည်။ ကွယ်လွန်ချိန်တွင် သား ၂ ဦးနှင့် မြေး ၂ ဦး ကျန်ရစ်ခဲ့သည်။