နအဖ စစ်အုပ်စု၏ အသွင်ပြောင်းရေးအစီအစဉ် လက်ခံခဲ့သည့် အပစ်ရပ် သျှမ်းပြည်တပ်မတော်အား ‘သျှမ်းပြည် တပ်မတော်’ဆိုသည့်နာမည်နှင့် မလိုက်ဖက်ဟု မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် စဝ်စိုင်းလင်းက ဝေဖန်ကြောင်း စုံစမ်း သိရှိရပါသည်။
“သျှမ်းပြည်တပ်မတော်ဆိုတဲ့ နာမည်က (သျှမ်းပြည်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးကို အ ကာအကွယ်ပေးဖို့) တပြည်လုံးကို ကိုယ်စားပြုထားတာ။ တခြားတပ်ဖွဲ့တွေနဲ့မတူဘူး၊ ဥပမာ ၀ တို့ မိုင်းလား တပ်ဖွဲ့တို့ဆိုတာက ကိုယ်နဲ့ဆိုင်တဲ့နယ်မြေကိုယ်ဘဲကိုယ်စားပြုတာ။ အခုပြည်သူ့စစ်အသွင်ပြောင်းဖို့လက်ခံတဲ့ ကိစ္စ သျှမ်းပြည်တခုလုံးအတွက်မကြည့်ဘဲ ကိုယ်နဲ့ဆိုင်တဲ့ဆိုင်ကျောဝ့် (စိန်ဂျော့) ဒေသအတွက်ဘဲလုပ်သွားပုံပေါ် တယ် ”- ဟု စဝ်စိုင်းလင်းကပြောကြောင်း သတင်းပို့သူကဆိုသည်။
နအဖ စစ်အုပ်စုဖိအားပေးမှုကြောင့် ပြည်သူ့စစ်အသွင်ရေးလက်ခံထားသော ဦးလွယ်မောဝ်းခေါင်းဆောင် မြောက်ပိုင်း အပစ်ရပ် SSA - ဌာနချုပ် တပ်ဖွဲ့၊ တပ်မဟာ ၃ ၊ တပ်မဟာ ရ တို့အား မိုင်းလားခေါင်းဆောင် စဝ်စိုင်းလင်းက အားမလို အားမရဖြင့် ဝေဖန်လိုက်ခြင်းဖြစ်ပြီး အသွင်ပြောင်းရေး လုံးဝငြင်းဆန်သည့် ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် တပ်မဟာ ၁ တပ်ဖွဲ့ကိုမူ ထောက်ခံအားပေးကြောင်း ပြောပါသည်။
ပြည်သူ့စစ်အသွင်ရေးလက်ခံထားသည့် အပစ်ရပ် SSA တပ်မှူးတဦးက - “အပစ်ရပ် သျှမ်းပြည်တပ်မတော်နဲ့ မိုင်းလားတပ်ဖွဲ့တို့၊ ၀ တပ်ဖွဲ့ တို့ နဲ့ အခြေအနေမတူဘူး၊ သူတို့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရင် တပ် ရင်းတခု ဗမာအရာရှိ အယောက် ၃၀ ပါ၀င်မယ်၊ ကျနော်တို့ ပြည်သူ့စစ်တပ်ဖွဲ့ကျတော့ နာမည်အားဖြင့်သာ ပြည်သူ့စစ်ဖြစ်တာ၊ တပ်ဖွဲ့အနေအထားကတော့ နဂိုအတိုင်းဘဲ ဆက်ဖြစ်နေမယ်၊ ဗမာတပ်အရာရှိလဲ ပါ၀င်မှာ မဟုတ်ဘူး။ နောက်တခုက ဒေသခံလူထု ဒုက္ခမရောက်အောင်၊ စစ်ဘေးစစ်ဒဏ်ကနေကင်းဝေးအောင်သာ လက်ခံလိုက်ရခြင်းဖြစ်တယ်”- ဟု ပြော၏။
မိုင်းလားခေါင်းဆောင် စဝ်စိုင်းလင်း
အများလေးစားသည့် သျှမ်းလူကြီးတဦးကလည်း“သျှမ်းပြည်တပ်မတော်သည် အစဉ်အလာရှိသည့်တပ်မတော်၊ ဦးလွယ် မောဝ်းခေတ်ကျမှ စိန်ဂျော့ ဌာနေပြည်သူ့စစ်ဖြစ်သွားခြင်းသည် လက်ရှိတာဝန်ထမ်းဆောင်နေသူများအဖို့ သမိုင်းတာဝန် မကျေပွန်ရာရောက်ကြောင်း၊ သျှမ်းပြည်တပ်မတော် ဆက်လက်တည်ရှိရေးသည် ဗိုလ်ချုပ်ပန်ဖှ ပေါ်မူတည်လာကြောင်း” ပြော၏။
သျှမ်းပြည်တပ်မတော် SSA သည် ညောင်ရွှေစော်ဘွား မဟာဒေဝီ စဝ်နန်းဟိန်းခမ်းက တန်းတူအခွင့်အရေး အတွက် တိုက်ပွဲဝင်ရန် ၁၉၆၄ တွင် တည်ထောင်ခဲ့သည့် သမိုင်းဝင်တပ်မတော် ဖြစ်သည်။