ခိုးမှုကျူးလွန်သည့် တပ်ကြပ်ကြီးအား ရဲက ဖမ်းပြီးပြန်လွတ်

ခိုးမှုကျူးလွန်သည့် တပ်ကြပ်ကြီးအား ရဲက ဖမ်းပြီးပြန်လွတ်
ကချင်ပြည်နယ် ဗန်းမော်မြို့ မြို့မရပ်ကွက်တွင် ဇူလိုင်လ ၁၂ ရက်နေ့ ည ၉ နာရီခန့်က မြန်မာစစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦးဆိုင်ကယ်ခိုးယူနေစဉ် ဖမ်းမိပြီး ရဲစခန်းအပ်နှံခဲ့သော်လည်း ရဲက အရေးယူခြင်းမရှိပဲ ပြန်လွတ်...

ကချင်ပြည်နယ် ဗန်းမော်မြို့ မြို့မရပ်ကွက်တွင် ဇူလိုင်လ ၁၂ ရက်နေ့ ည ၉ နာရီခန့်က မြန်မာစစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦးဆိုင်ကယ်ခိုးယူနေစဉ် ဖမ်းမိပြီး ရဲစခန်းအပ်နှံခဲ့သော်လည်း ရဲက အရေးယူခြင်းမရှိပဲ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူသည် ဗန်းမော်အခြေဆိုက် ခလရ ၂၃၆ မှ တပ်ကြပ်ကြီး ထွန်းထွန်းဝင်း ဆိုသူဖြစ်ပြီး ၎င်းည က မြို့မရပ်ကွက်အတွင်းရှိ ဆန်းဒေးလက်ဖက်ရည်ဆိုင် အတွင်းထားရှိသည့် ဆိုင်ကယ်တစ်စီးအား ခိုးယူ၍ လမ်း၌ တွန်းသွားနေစဉ်  ဖမ်းမိကာ ရဲလက်အပ်လိုက်ခြင်းဖြစ်သည်။

ရဲစခန်းတွင် ဆိုင်ကယ်ခိုးသူမှာ ခလရ ၂၃၆ မှ တပ်ကြပ်ကြီး တစ်ဦးဖြစ်ကြောင်း သိရပြီးနောက် ဆိုင်ကယ်ပိုင် ရှင် ဦးအောင် ကိုကိုက အမှုကျေအေး လိုက်ကာ ဆိုင်ကယ်ခိုးသူအား ခလရ ၂၃၆ မှ တပ်ရေး ဗိုလ်ကြီးဆန်း ထွန်းအောင်က ရဲစခန်းမှ ပြန်လည်ခေါ်ထုတ်သွားကြောင်း သိရသည်။

“ဆိုင်ကယ်ကို လက်ဖက်ရည်ဆိုင် ထဲထည့်ထားတာ ပိုင်ရှင်က ဦးအောင်ကိုကို  ခိုးပြီးတွန်းခဲ့တဲ့အချိန် လမ်းမှာ ဖမ်းမိတော့ ရဲစခန်းခေါ်သွားတာ ပိုင်ရှင်က ပစ္စည်းလည်းပြန်ရပြီဆိုတော့ ဘာမှအရေးမယူတော့ဘူး ဆိုပြီး ကျေအေးလိုက်တာပေါ့ စစ်တပ်က တပ်ရေးဗိုလ်ကြီးဆန်းထွန်းအောင်က လာပြီးခေါ်ထုတ်သွားတယ်” ဟု ဆိုင်ကယ်ပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် တည်ဆဲဥပဒေအရ ရာဇဝတ်မှုကျူးလွန်သည့် စစ်တပ်အဖွဲ့အစည်းအပေါ်  အရေးယူရန် ခက်ခဲပြီး လက် ရှိတွင် အတိုက်အခံ နိူင်ငံရေးလှုပ်ရှားသူများအပေါ် ဥပဒေနှင့်မညီပဲ မတရား ပြစ်ဒဏ်များ ချမှတ်ထားသည်ဟု ဥပဒေအသိုင်းအဝိုင်း ကထောက်ပြသည်။

“လက်ရှိ နအဖတရားရုံးတွေမှာ သာမန်အရပ်သားတွေ နိုင်ငံရေးသမားတွေဆိုရင် ကျေအေးချင်တိုင်း ကျေအေးလို့မရဘူး အရပ်သားက ငွေပေးမှ ကျေအေး လို့ရတာ လင်မယား နှစ်ဦး စလုံးက တရားရုံးမှာ ကွာရှင်းဖို့ သဘောတူတာတောင်မှ ငွေ မပေး ရင်ကွဲခွင့်မရှိဘူး ” ဟု မူစယ် တရားရုံး ရှေ့နေနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ခိုးမှုကျူးလွန်သူသည် ပြစ်မှုဆိုင်ရာဥပဒေအရ ထောင်ဒဏ် ၆ လ မှ ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

Most read this week