သကြားထုတ်လုပ်ရန် ကြံရှားပါးမှုကြောင့် မြန်မာပြည်တွင်း သကြားစျေးနှုန်းသည် စံချိန်တင် စျေးနှုန်းအဖြစ် တပိဿာလျှင် ၁၅၀၀ ကျပ်သို့ ရောက်ကာ သုံးလကျော်အတွင်း နှစ်ဆကျော် တက်သွားခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ဧပြီလ အစောပိုင်းတွင် တပိဿာ ရဝဝ ကျပ်နှုန်း ရှိခဲ့ရာမ ပြီးခဲ့သည့်အပတ်မှ စတင်ကာ ၁၅ဝဝ ကျပ်သို့ ရောက်ရှိသွားရာ သကြား စျေးကွက် သမိုင်းတလျှောက် အမြင့်ဆုံး စျေးနှုန်းသို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရှိ သကြားကုန်သည်များက ပြောသည်။
“ဒီနှစ်က ကြံအဝင်နည်းတဲ့အတွက် ဒီလောက်ထိ စျေးမြင့်သွားတာပါ။ ကျနော်တို့ သကြားလုပ်ငန်း လုပ်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ ဒီစျေးနှုန်းက အမြင့်ဆုံးပါပဲ” ဟု အောင်မြေသာစံမြို့နယ်မှ လုပ်သက် ၂၆ နှစ်ရှိသည့် သကြားပွဲရုံ ပိုင်ရှင်တဦးက မဇ္စျိမကို ပြောသည်။
စျေးနှုန်းမြင့်တက်ရသည့် အကြောင်းရင်းမှာ ပြီးခဲ့သည့် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်များတွင် သကြားစျေးနှုန်း ကျဆင်းသဖြင့် ကြံစိုက်တောင်သူများ အရှုံးပေါ် ခဲ့ကြပြီး စိုက်ပျိုးမှု နည်းပါးခဲ့ရာမှ ကြံအထွက်နှုန်းပါ လျော့ကျခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၂ဝဝ၉ ခုနှစ်ထက် အထွက်နှုန်း ၅ဝ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကြောင်း မန္တလေးတိုင်း ကြံကုန်သည်များအသင်းမှ အမည်မဖော်လိုသူ ဗဟိုအလုပ်အမှုဆောင်တဦးက ပြောသည်။
“၂ဝဝ၈၊ ၂ဝဝ၉ တုန်းကဆိုရင် ကြံစိုက်တောင်သူတဦးဟာ မျိုးစေ့ဖိုး၊ စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းခ မပါသေးဘူး။ မန္တလေးက ပွဲရုံကို သကြားတပိဿာ ရောက်ရင် အိတ်ထဲက ငွေ ၂ဝ စိုက်ရတယ်။ အဲဒီတော့ မီးခြစ်တလုံးနဲ့ မီးရှို့ပစ်တာကမှ သူတို့အတွက် ပိုအဆင်ပြေဦးမယ်” ဟု သူက ပြောသည်။
သူက ဆက်ပြီး “ကြံတဧက ခုတ်ခ ၅ သိန်းထဲမှာ တောင်သူက ၂ သိန်းခွဲ စိုက်ပေးမယ်။ ကြံဝယ်မယ့်လူက ၂ သိန်းခွဲစိုက်။ ကြံဖိုးကို မပေးနဲ့။ အလကား ယူသွားပါဆိုပြီး ပေးပစ်တာမျိုးတောင် ရှိတယ်။ အဲဒီကတည်းက တောင်သူတွေက ကြံစိုက်ဖို့ တော်တော်ကို စိတ်နာသွားကြတာ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကြံကို စစ်ကိုင်း၊ မန္တလေး၊ တောင်ကြီး၊ ဗန်းမော်၊ ကသာ၊ ထီးချိုင့် စသည့် မြန်မာပြည် အထက်ပိုင်းဒေသများတွင် အဓိက စိုက်ပျိုး ကြသည်။
ယခုကဲ့သို့ သကြားစျေးနှုန်း မြင့်တက်နေသော်လည်း အရောင်းအဝယ် မကောင်းကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များမှ သကြားကုန်သည်များက ပြောသည်။
“လောလောဆယ်တော့ ဘာမှရောင်းမကောင်းဘူး။ သကြားစျေး ၁၄ဝဝ ကျော် သွားကတည်းက လာမေးတဲ့ လူပဲရှိပြီး ဝယ်တဲ့လူ မရှိဘူး” ဟု ပုသိမ်ကြီး မြို့နယ်ရှိ စျေးချိုပလာဇာမှ သကြားပွဲရုံ ပိုင်ရှင်တဦးက ပြောသည်။
ပြည်တွင်းတွင် သကြားစျေးနှုန်း မြင့်တက်နေသဖြင့် ထိုင်းနိုင်ငံမှ ကြံနှစ်ပင်တံဆိပ် သကြား အမျိုးအစားများ မန္တလေးသို့ စတင်ဝင်ရောက်လာနေပြီး စျေးနှုန်းမှာ မြန်မာ့သကြားနှင့် စျေးနှုန်းတူ တပိဿာ ၁၅ဝဝ ကျပ်နှုန်းပင်ဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
သကြားစျေးနှုန်းအပြင် ကြံပင်မှ အရည်ညှစ်ယူကာ အခဲပြုလုပ်ထားသည့် ပွက်ရည် (သကာရည်) စျေးနှုန်းမှာ ယခုလ ပထမပတ်တွင် တပိဿာ ရဝဝ ကျပ် ရှိခဲ့ရာမှ ပြီးခဲ့သည့်အပတ်တွင် ၈၃ဝ ကျပ်သို့ မြင့်တက်လာခဲ့ပြီး ယနေ့တွင် ၉၅ဝ ကျပ် ပေါက်စျေးရှိပြီး ထန်းလျက်မှာ တပိဿာ ၉၃ဝ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။