ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်ရှင်နာဝပ် ထောက်ခံသူ ရှပ်နီဝတ်ဆန္ဒပြသမားများအား မိုင်းလားတပ်ဖွဲ့ ကစစ်သင်တန်း လျှို့ဝှက်ပေးနေသည် ဆိုသည့်သတင်းကြောင့် ထိုင်းနိုင်ငံလုံခြံုရေး တပ်ဖွဲ့များအကြား ဂယက်ရိုက်စေခဲ့သည်ဟုစုံစမ်းသိရှိရ ပါသည်။
အမည်မဖေါ်လိုသည့် နယ်စပ်ထိုင်းလုံခြံုရေးအရာရှိတဦးက - “၀န်ကြီးချုပ်အဘီဆစ် ဖြုတ်ချရေး ဆန္ဒပြတဲ့ ရှပ်နီဝတ်တွေကို သျှမ်းပြည်အရှေ့ပိုင်း ဦးစိုင်းလင်းခေါင်းဆောင်တဲ့ မိုင်းလားတပ်ဖွဲ့က လျှို့ဝှက်စစ်သင် တန်းပေးနေတယ်ဆိုတဲ့သတင်း ဘယ်ကရလာလဲမသိဘူး။ အထက်ပိုင်းက ရုတ်တရက်ကြီး ကျနော်တို့ကို လာမေးတော့ ခေါင်းနဲနဲခဲသွားတာပေါ့” - ဟု ပြော၏။
ထိုသတင်းနှင့်ပတ်သက်၍ မိုင်းလားတပ်ဖွဲ့ထံ သျှမ်းသံတော်ဆင့်ဆက်သွယ်မေးမြန်းခဲ့ရာ မိုင်းလားတပ်ဖွဲ့ အရာရှိတစ်ဦးက ဤကဲ့သို့ပြောသည်။
“နအဖနဲ့ရှင်းနေရတဲ့နိုင်ငံရေးပြသနာတင် ကျနော်တို့အတွက်လက်တောင်မလည်ဘူး။ ပြဿနာမီးထွန်းမရှာ အားပါဘူး။ ရှင်းရှင်းပြောရရင် ထိုင်းဆန္ဒပြသမား/ ရှပ်နီတွေနဲ့ကျနော်တို့တပ်ဖွဲ့ ဘာမှမပါတ်သက်ရပါဘူး”
ထိုင်းနယ်စပ်လုံခြံုရေးအရာရှိတဦးကလည်း နယ်စပ်တလွှားအလုပ်လုပ်ရသည့် အတွေ့အကြံုများအရ ယခု ပြောဆိုမှုအပေါ် လုံးဝမဖြစ်နိုင်ကြောင်း၊ လက်တွေ့ စုံစမ်းထောက်လှမ်းချက်အရလဲ ရှပ်နီနှင့်မိုင်းလားတပ်ဖွဲ့ တို့ ပါတ်သက်ခြင်းမရှိကြောင်း သျှမ်းသံတော်ဆင့်သို့ ဆက်၍ပြောပြပါသည်။
နယ်စပ်ဖြတ်သန်းသွားလာရောင်းဝယ်နေသူတစ်ဦးကလည်း - “စစ်ရေးလေ့ကျင့်ဖို့ အနည်းဆုံး အချိန်တစ်လလောက်ယူ ရတယ်။ မယ်ဆိုင် - တာချီလိတ်ဂိတ်က နယ်စပ်ဖြတ်သန်းခွင့် (၇) ရက်ဘဲရတာ။ တာ့ပင်း - နမ့်လွေနယ်စပ်ဂိတ်မှာလဲ နအဖဘက်က စစ်ဆေးရေးအရမ်းတင်းကြပ်တယ်။ ဒီတော့စစ်ရေးလေ့ကျင့်ပေး တယ်ဆိုတာမဖြစ်နိုင်ဘူး” - ဟု ပြောပါသည်။