စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ တပ်များအတွင်း ပလိပ်ရောဂါနှင့် သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း စစ်ဆေးရုံု သတင်းရပ်ကွက် အရ သိရသည်။
ရောဂါဖြစ်ပွားနေသော တပ်မတော်သားများကို ကုတင် ၁၀၀၀ ဆန့် အမှတ် (၂) တပ်မတော် ဆေးရုံကြီးတွင် ဆေးကုသ ခံယူနေလျက် ရှိသည်။ ထို့အပြင် ပျဉ်းမနားမြို့ ဒေသခံများအတွင်း ဝမ်းလျှောရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေသည်။
“တပ်ထဲက အသက် ၁၂ နှစ်အောက် သွေးလွန်တုတ်ကွေးဖြစ်တဲ့ ကလေးတွေကိုတော့ ကလေးဆေးရုံတွေကို ပို့တယ်။ ပလိပ်ရောဂါရော၊ သွေးလွန် တုတ်ကွေး ရောဂါဖြစ်တဲ့ အသက် ၁၂ နှစ်အထက် လူကြီးကိုတော့ ဒီမှာပဲ တင်တယ်။ သူတို့က ဒီနေပြည်တော်တပ်တွေကပဲ စစ်သားတွေပါ။” ဟု အမည်မဖော်လိုသူ နေပြည်တော် စစ်ဆေးရုံ အရာရှိတဦးက မဇ္စျိမကို ပြောသည်။
သို့သော် ရောဂါဖြစ်ပွားသူ ပမာဏနှင့် ပတ်သက်၍ အသေးစိတ် ဖြေဆိုရန် သူက ငြင်းဆန်လိုက်သည်။
၂ဝဝ၉ ခုနှစ် အစိုးရ ထုတ်ပြန်ချက်အရ နေပြည်တော်သည် လူဦးရေ ၉၂၅၀၀၀ ရှိပြီး ရန်ကုန်၊ မန္တလေးပြီးလျှင် တတိယအကြီးဆုံးမြို့ ဖြစ်သည်။
နေပြည်တော်-ရန်ကုန် ကားလမ်းပေါ်တွင် ထောင်သောင်းချီသော ကြွက်အုပ်များ နေရာပြောင်းရွှေ့မှု ဖြစ်ပေါ်ပြီးနောက် ပလိပ်ရောဂါသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခုလ ၁ ရက်နေ့နှင့် ရ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင် ထူးခြားစွာ ပလိပ်ရောဂါ သတိပေးချက် ပါရှိသည်။
“ကြွက်များ ရုတ်တရက် သေဆုံးပါက ပလိပ်ရောဂါကြောင့် ဖြစ်နိုင်ကြောင်း” ပလိပ်ရောဂါ သံသယရှိသော ကြွက်များကို စစ်ဆေးနိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် ကျန်းမာရေး ဝန်ကြီးဌာန၏ နှိုးဆော်စာကို သတင်းစာတွင် ဖော်ပြထားသည်။
“ကြွက်ကောင်းလား၊ ကြွက်နာကျနေတဲ့ ကြွက်လားဆိုတာ လူထုကသိဖို့ကို ကျန်းမာရေးဌာနတွေက အသိပညာပေးတွေ လုပ်ဖို့လိုပါတယ်။ ကိုယ့် အိမ်မှာ သေနေတဲ့ကြွက်ကို မသင်္ကာလို့ရှိရင် ချက်ချင်း ဓါတ်ဆီလောင်းပြီး မီးရှို့ပစ်ဖို့ လိုပါတယ်။ ဒါမှမဟုတ် ကျန်းမာရေးဌာနတွေကို အကြောင်း ကြား တာမျိုး လုပ်သင့်ပါတယ်” ဟု ပျဉ်းမနားမြို့ပေါ်ရှိ လူမှုဖူလုံရေးအဖွဲ့မှ ဒေါက်တာဒေါ်ခင်အေးမြင်က ပြောသည်။
ထို့ပြင် ပျဉ်းမနားမြို့ပေါ်မှ ယောက်သွားအင်း၊ ကံဦး၊ ရန်အောင် (၂) နှင့် ရွှေချီ ရပ်ကွက်တို့တွင် ဝမ်းလျှောရောဂါနှင့် သွေးလွန်တုတ်ကွေး ကူးဆက် ရောဂါ ဖြစ်နေလျက်ရှိကြောင်း အဆိုပါ ရက်ကွက်များတွင် နေထိုင်သူများက ပြော သည်။
ယခုလအစပိုင်းက သွေးလွန်တုတ်ကွေးရောဂါကို အသက် ၅-၆ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများသာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ သက်ကြီး ရွယ်အို များတွင်ပါ ကူးစက်နေသည်ဟုဆိုသည်။
“သွေးလွန်တုတ်ကွေးကတော့ တချို့ကြတော့ ဆေးခန်းသွားပြီး ၁ ရက် ၂ ရက်နဲ့ ပျောက်တယ်။ တချို့ကြတော့ ဆေးရုံကို တဆင့်ပြောင်း တက်ကြ တယ်။ ဝမ်းလျှောနေတဲ့ လူတွေလဲ မနည်းဘူး” ဟု ယောက်သွားအင်း ရက်ကွက် နေထိုင်သည့် ပွဲရုံပိုင်ရှင်တဦးက မဇ္စျိမကို ပြောသည်။
စိုစွတ်သည့် ရာသီကို ရောက်လာသည်နှင့် ရေမြောင်း၊ ရေအိုင်များ၊ အမှိုက်ပုံများတွင် ပိုးလောက်လန်းများ ပေါက်ဖွားပြီး ခြင်၊ ယင်ကောင်များ ပေါက်ပွား လာကာ ယင်နားသည့်အစားအစာများစားမိလျင် ဝမ်းလျှော၊ ဝမ်းပျက်ခြင်းများဖြစ်ပြီး ခြင် အန္တရာယ်ကို နိုင်နင်းအောင် ကာကွယ်နိုင်ခြင်း မရှိခြင်းကြောင့် သွေးလွန်တုတ်ကွေးများ ဖြစ်ကြရကြောင်း ဒေါက်တာ ဒေါ်ခင်မြင့်အေးက ပြောသည်။
သွေးလွန်တုတ်ကွေး ရောဂါကူးစက်မှုသည် မြန်မာနိုင်ငံတွင် ထူးခြားဖြစ်စဉ်တော့ မဟုတ်လှပါ။ ယခုနှစ် ဇန်နဝါရီမှ မေလပိုင်းအထိ ရန်ကုန်တိုင်း အတွင်း လူဦးရေ ၉ဝဝ ကျော် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး ၆ ဦးသေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။