အရေအတွက်ထက် အရည်အသွေးပိုအရေးကြီးဟု ကျားဖြူပါတီပြော

အရေအတွက်ထက် အရည်အသွေးပိုအရေးကြီးဟု ကျားဖြူပါတီပြော
ဂျွန်လဆန်းပိုင်းကစ၍ သျှမ်းပြည်အနှံ့ မြို့နယ်ကော်မတီရုံးခွဲများ ဆက်တိုက်ဖွင့်လှစ်ခဲ့သည့် သျှမ်းတိုင်းရင်းသား များဒီမိုရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီ အနေဖြင့် အရေအတွက်ထက် အရည်အသွေးရဖို့ပိုအရေးကြီး...

ဂျွန်လဆန်းပိုင်းကစ၍ သျှမ်းပြည်အနှံ့ မြို့နယ်ကော်မတီရုံးခွဲများ ဆက်တိုက်ဖွင့်လှစ်ခဲ့သည့် သျှမ်းတိုင်းရင်းသား များဒီမိုရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီ အနေဖြင့် အရေအတွက်ထက် အရည်အသွေးရဖို့ပိုအရေးကြီးကြောင်း အဖွဲ့ ၀င်အသိုင်းအဝိုင်းထံမှ ကြားသိရပါသည်။

“ပါတီဝင်အရေအတွက်ပြည့်ဖို့က ကျနော်တို့အတွက် သိပ်စိတ်မပူရဘူး၊ လူထုရဲ့ စစ်မှန်တဲ့ နှလုံးသားရဖို့ အရေးကြီးတယ်၊ အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးတယ်လို့ကျနော်မြင်တယ်”- ဟု ကျားဖြူ ပါတီဝင် ပင်လုံမြို့ု့သားတဦးကပြောပါသည်။

မြို့နယ်ကော်မတီဝင်များဖွဲ့စည်းရန် စည်းရုံးရာတွင်လည်း - ကော်မတီရန်ပုံငွေရရှိရေး၊ အနာဂတ် လူထု/ တိုင်း ပြည် ခေါင်းဆောင်များဖြစ်မည့် လူငယ်များအရည်အသွေးမြင့်တင်ရေးတို့ကို အဓိကထားပြောကြားသည်ဟု ဆိုပါသည်။

“အခုနယ်ဆင်းဖို့ ရုံးချုပ်က ထောက်ပံ့ခဲ့တဲ့ ငွေကြေးလဲ သိပ်မလောက်ချင်ဘူး။ ငွေရေးကြေးရေး အခက်အခဲ နည်းနည်းရှိတယ်လို့ပြောရမယ်၊ ပါတီဝင်ကိစ္စက အဲလောက်အရေးမကြီး၊ မြောက်ပိုင်းသျှမ်းပြည်ဘဲ ပါတီဝင် အင်အားက ရ၀၀-၈၀၀ လောက်ရှိနေပြီ၊ ကျနော်တို့ပင်လုံမှာ ဆို ရ၀-၈၀ လောက်ရှိမယ်။ တပြည်လုံးအတိုင်း အတာနဲ့ဆို အခြားမြို့နယ်တွေက တမြို့နယ် ၂၀-၃၀ လောက်ရရင် အိုကေပြီ”- ဟု ဆက်ပြောသည်။

ကျားဖြူပါတီသည် သျှမ်းပြည် မြောက်ပိုင်း၌ မြို့နယ်ရုံးခွဲ အများအပြား ဆက်တိုက်ဖွင့်လှစ်နိုင်ခဲ့သော်လည်း သျှမ်း ပြည်တောင်ပိုင်းနှင့်  သံလွင် အရှေ့ပိုင်းတို့၌  ဆက်လက််သွားရောက်ဖွဲ့စည်းရဦးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ရုံးခွဲအတွက်ကော်မတီ ဖွဲ့စည်းပြီးဖြစ်သော သျှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းနောင်၊ လဲချား(လိုင်းခ)၊ မိုင်းကိုင်တို့တွင်မူ ရုံးခန်း မဖွင့်လှစ် ရသေးကြောင်း၊ မိုင်းရှူးရတနာမြေဘက်တွင်လည်း ရုံးခန်းအပြင် ကော်မတီဝင် များပင် မဖွဲ့စည်းရသေးကြောင်း အဆိုပါအသိုင်းအဝိုင်းက ပြောပြပါသည်။

“သံလွင်အရှေ့ခြမ်းဆို မိုင်းတုံ မိုင်းဆတ် ဘက်လဲသွားရဦးမယ်။ လင်းခေး၊ မိုင်းပန်၊ မောက်မယ် နဲ့ မိုးနဲ တို့ဘက်  တော့ လူလွှတ်ပြီးပြီ၊ အခု လောလောဆယ်တော့ ပင်လောင်းမှာ ရုံးခွဲထပ်ဖွင့်ထားတယ်။ ကရင်နီပြည် လွယ် ကော် ဖါးဆောင်း ဘက်လဲ သွားနေတုန်း” - ဟု သျှမ်းပြည် တောင်ပိုင်းရောက် ကျားဖြူပါတီဝင် တဦးကပြောပါ သည်။

ကျားဖြူပါတီဝင်၌ သျှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်တို့မှ အရည်အသွေးရှိသည့် ပုဂ္ဂိုလ်များ အများအပြား ရရှိထားကြောင်း၊ သျှမ်းပြည် တောင်ပိုင်း၊ အရှေ့ပိုင်းအပြင် အခြားပြည်နယ်/တိုင်းတို့မှပုဂ္ဂိုလ်များလည်း အများအပြားဆက်တိုက် ၀င်ရောက်လာမည်ဟုယုံကြည်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြပါသည်။

နအဖ ရွေးကောက်ပွဲကော်မရှင်မှ ချမှတ်ထားသော စည်းမျဉ်းအရ နိုင်ငံရေးပါတီတခုလျှင် အဖွဲ့ဝင် ၅၀၀ ထက် မနည်းရှိရမည်ဖြစ်ပြီး တပြည်လုံး အတိုင်းအတာ ၀င်ရောက်ယှဉ်ပြင်မည်ဆိုပါက အဖွဲ့ဝင်အင်အား ၁၀၀၀ ပြည့်မှီ ရမည်ဖြစ်သည် ဟုဆိုထားသည်။

Most read this week