ယခု မိုးဦးကာလအချိန်၌ ကရင်နီပြည် လွိုင်ကော်နှင့် ဒီးမောဆိုမြို့နယ်တို့မှာ လူငယ်နှင့် ကျောင်းသားများ စုပေါင်း၍ နှစ်ရှည်ပင်များကို စိုက်ပျိုးနေကြသော်လည်း ကရင်နီဒေသတွင်း သစ်ထုတ်လုပ်မှုများ ဆက်လက်ရှိနေသေးသည်။
သစ်ပြုန်းတီးမှုများကြောင့် လွိုင်ကော်နှင့် ဒီမောဆိုမြို့နယ်များ၌ ယခုပါတ် တနင်္လာနေ့က ကျောင်းသားလူငယ်များ စုပေါင်း၍ နှစ်ရှည်ပင် စိုက်ပျိုးပွဲတရပ် ကျင်းပ၍ သစ်ပင်များ စိုက်ပျိုးကြသည်။
“သဘာဝသစ်တော သံယံဇာတတွေကို ထိန်းသိမ်းတဲ့ အနေနဲ့ ကျနော်တို့ လူငယ်တွေအားလုံးက တာဝန် သိတတ်စွာနဲ့ စုပေါင်းပြီး သစ်ပင်တွေ စိုက်ကြခြင်း ဖြစ်တယ်” ဟု ဒီးမော့ဆိုမြို့နယ် ဆိုဘောသဲရွာတွင် ကျွန်း၊ သရက်၊ မယ်စလီနှင့် ရေမနေပင်တို့ကို စိုက်ပျိုးခဲ့သော ကျောင်းသားလူငယ် ၈၀ ထဲမှ တဦးက ပြောသည်။
ယခုအပါတ် အစောပိုင်းမှ စ၍ လွိုင်ကော်နှင့် ဒီမောဆိုမြို့ အနီးတဝိုက်ရှိ ကျေးရွာများ၌ တအိမ်ကို ကျွန်းပင်သုံးပင်စီ စိုက်ကြရန် အစိုးရမှ နှိုးဆော်ထားကြောင်း သိရသည်။
သို့သော်လည်း သံလွင်အရှေ့ဘက်ကမ်းတွင် ပေါက်ရောက်နေကြသော ကျွန်းသစ်များကို ကရင်နီလက်နက်ကိုင် အဖွဲ့အစည်းတို့က မြန်မာစစ်အစိုးရနှင့် ပူးပေါင်းပြီး ခုတ်လှဲ၍ ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရောင်းချနေကြဆဲ ဖြစ်သည်။
သံလွင်နှင့် နန့်ပန်ချောင်းဆုံမှ စ၍ ချောင်းတလျောက် ရှိသော ကျွန်းသစ်များကို ခွဲသားအဖြစ် မွမ်းမံပြီး ထိုင်း-ကရင်နီနယ်ခြား မှတ်တိုင် အမှတ် ၁၀ မှ မယ်ဟောင်ဆောင် ခရိုင်တွင်းသို့ နေ့စဉ် ဆယ်ဘီးကား နှစ်စီးဖြင့် တင်ပို့လျက်သည်။
ထင်းရူးပင်များကို အဆီထုတ်ခြင်း၊ ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်းနှင့် သစ်ခွပန်းများ ခူးယူရောင်းချခြင်းတို့သည် ကရင်နီပြည်ရှိ သစ်တောများကို ပြုန်းတီးစေပြီး ကျွန်းသစ်များကို ခုတ်ယူ၍ တဘက်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် သစ်ထုတ်လုပ်ငန်းသည် သစ်တောပြုန်းတီးမှုကို ပိုမိုဆိုးရွားစေသည်ဟု ကရင်နီအမြဲစိမ်းတော Evergreen အဖွဲ့က ထောက်ပြသည်။
နယ်စပ်အမှတ် ၁၀၊ ဟွေ့ပူလောင်းဒေသတွင် သစ်ထုတ်လုပ်သော ကိစ္စနှင့် ပါတ်သက်၍ Evergreen အဖွဲ့မှ ဒါရိုက်တာ ခူးညေးရယ်က “လူထုတွေအတွက်ကတော့ သစ်ဖြတ်ခလား၊ သစ်ဆွဲခလား၊ စတဲ့ အလုပ်သမား သဘောလောက်ပဲရမှာပေါ့၊ တကယ့်အကျိုးအမြတ်တွေ ကတော့ ကုမ္မဏီ တခုခုလား သို့မဟုတ် အဖွဲ့အစည်း တခုခုလား အဲဒီလူတွေပဲ ပိုခံစားရလိမ့်မယ်” ဟု ပြောသည်။
နှစ်ပေါင်း ၂၀ အတွင်း သံလွင်အနောက်ဘက်ခြမ်းတွင် သစ်ထုတ်လုပ်ငန်းကြောင့် သစ်တောများ သိသိသာသာ ပြုန်းတီးလာခဲ့ပြီး ယခုအခါ သံလွင်အရှေ့ဘက်ခြမ်းသို့ သစ်ထုတ်လုပ်မှုများ တိုးချဲ့လာကြသည်။
မြန်မာစစ်အစိုးရနှင့် ကရင်နီလက်နက်ကိုင် အဖွဲ့တို့၏ သဘောတူညီမှုဖြင့် သံလွင်အရှေ့ဘက်ကမ်း ဟွေ့ပူးလောင်းဒေသတွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလမှ စ၍ မယ်ဟောင်ဆောင် အခြေစိုက် အမ်တောင်း အမည်ရှိ ပုဂ္ဂလိက သစ်ကုမ္ပဏီမှ သစ်ထုတ်လုပ်မှုများ ၀င်ရောက် လုပ်ကိုင်နေသည်။