မီးပုံမှန်ပြန်ရနေသည့်အတွက် အင်တာနက်ဆိုင် ဖွင့်ထားသူများ အဆင်ပြေမှု ရရှိမည်ဟု မျှော်မှန်းထားသော်လည်း ကွန်နက်ရှင် မကောင်းသည့်အတွက် ဆိုင်ဝင်ရောက်သူ နည်းပါးလာက ဆိုင်ရှင်များ အခက်ကြံုနေရသည်။
“တလလောက်တော့ ရှိနေပြီး မီးက ပုံမှန်ပြန်ရလာတယ်။ ၂၄ နာရီနီးပါးတော့ လာနေတယ်။ အဆင်ပြေမယ့် အနေအထားမှာပေါ့။ ဒါပေမဲ့ အခု ဖြစ်ပြန်တာက ကွန်နက်ရှင် လုံးဝ မကောင်းတော့ဘူးဗျ။ ဆိုင်ကို လာတဲ့ လူတွေတောင် မနည်းပါးသွားပြီး ဒီအတိုင်းသာ သွားရင် ဆိုင်ပါ ပိတ်ရမလို ဖြစ်နေပြီး” ဟု မော်လမြိုင်မြို့ပေါ်ရှိ အင်တာနက်ဆိုင် ဖွင့်သူနှင့် နီးစပ်သူတဦးက ပြောသည်။
မော်လမြိုင်မြို့ပေါ်တွင် အင်တာနက်ဆိုင် ၈ ဆိုင်လောက် ရှိပြီး လာရောက်သုံးစွဲသူများအတွက် တစ်နာရီလျှင် ကျပ် ၅၀၀ ရာနှုန်းဖြင့် သုံးစွဲခ ပေးဆောင်ရသည်။
ယခင်က မီးမလာလို့ မီးစက်မောင်းရတော့ အခက်အခဲကတမျိုး အခုတော့လည်း မီးက ပုံမှန်ပြန်လာနေပြီး ဖြစ်သော်လည်း ကွန်နက်ရှင်က မကောင်းပြန်တော့ ကျနော်တို့တတွေက ဒီလိုနဲ့ပဲ လည်နေတာ လုပ်စားလို့တော့ လုံးဝမကောင်းဘူး၊ အရင်းတွေထုတ်ထားရလို့တာ ဆက်လုပ်နေကြရတာဟု ၄င်းက ဆက်ပြောသည်။
လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်ဝန်းကျင်ခန့်မှ စပြီး မော်လမြိုင်မြို့ပေါ်တွင် အင်တာနက်ဆိုင်များ စတင်ပေါ်ပေါက်လာပြီး အစပိုင်းတွင် သုံးစွဲသူ အနည်းအကျဉ်းသာ ရှိပြီး ယခုနောက်ပိုင်း လူငယ်များအကြား တိုးတက်လာသည့် နည်းပညာများကြောင့် အင်တာနက်သုံးစွဲသူတွေလည်း များလာကြောင်း သိရသည်။
အင်တာနက်သုံးစွဲသူ တဦး၏ ပြောပြချက်အရ “အခုတလောတော့ ကွန်နက်ရှင် လုံးဝ မကောင်းဘူး။ တနာရီထဲနဲ့ သုံးရင် ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး။ အကြာကြီးပဲ စောင့်ရတယ်။ ဟိုတုန်းက ဒီလောက်ထိ မဆိုးဘူး။ အမြဲတော့ မသုံးတော့ပါဘူး။ အခု တခါတလေမှပဲ သုံးတော့တယ်” ဟု သူက ပြောသည်။
ဒီလိုဖြစ်နေတာ တလလောက်တော့ ရှိနေပြီး၊ ယခင်ကဆို မီးမလာလို့ ဆိုင်က စက်မောင်းပြီး သုံးရတာ ကွန်နက်ရှင်ကတော့ အကောင်းကြီး မဟုတ်တာတောင် ဒီလောက်တော့ မဆိုးဘူးပေါ့။ အခုက မီးဆိုလည်း ပုံမှန်ပြန်ဖြစ်လာနေပြီး၊ မော်လမြိုင်မှာ မီးပုံမှန်ပြန်လာနေပြီး၊ တက္ကသိုလ်ဝန်းကျင်မှာဆို ၂၄ နာရီနီးပါး လာနေတယ်။ ပျက်တယ်ဆိုရင်လည်း ခဏတဖြုတ်ပါပဲဟု ၄င်းကျောင်းသားက ပြောသည်။
“အရင်က မီးမလာလို့ မီးစက်မောင်းပြီး ဆိုင်ဖွင့်တာ။ ဘာပဲပြောပြော အမြတ်မကျန်တာတောင် ဆိုင်ကို သုံးတဲ့ လူတွေ ပုံမှန်လာနေတယ်။ အမြတ်တော့ နည်းတာပေါ့။ ဒါပေမဲ့ အခုက သုံးလို့မှ မကောင်းတော့။ ဘယ်သူက လာသုံးတော့မှာလည်း အရင်က ကွန်ပျူတာတွေတောင် မအားဘူး” ဟု အထက်ပါ ဆိုင်ရှင်က ပြောသည်။