ဘုန်းကြီးကျောင်း မီးရှို့ရန်ကြံမှု သံသယဖြင့် ကလေးများ အဖမ်းခံရ

ဘုန်းကြီးကျောင်း မီးရှို့ရန်ကြံမှု သံသယဖြင့် ကလေးများ အဖမ်းခံရ
by -
ကျော်ခ
စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အထင်ကရ ဘုန်းကြီးကျောင်းများကို မီးတင်ရှို့ရန် ကြံစည်သည်ဟု သံသယဖြင့် ကလေး နှစ်ဦးနှင့် စစ်တပ်ပြေးတဦးကို ဖမ်းဆီးထား...

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အထင်ကရ ဘုန်းကြီးကျောင်းများကို မီးတင်ရှို့ရန် ကြံစည်သည်ဟု သံသယဖြင့် ကလေး နှစ်ဦးနှင့် စစ်တပ်ပြေးတဦးကို ဖမ်းဆီးထားကြောင်း မုံံရွာအခြေစိုက် မုံရွာခရိုင် ရဲဝန်ထမ်းများက ပြောသည်။

မုံရွာမြို့ လယ်တီကျောင်း၊ စိတ္တသုခကျောင်း၊ ပေပင်ကျောင်းနှင့် အရှေ့လေးထပ်ကျောင်းများကို ဓာတ်ဆီလောင်း မီးရှို့မည်ဟု သံသယဖြင့် အသက် ၁၄ နှစ်အရွယ် မောင်နေဝင်းအောင်နှင့် မောင်ဇော်ဇော်အောင်တို့ နှစ်ဦးက ဇွန်လ ၃ဝ ရက်နေ့တွင် အဖမ်းခံရခဲ့ရသည်။ ရဲက အသက် ၂၁ အရွယ် ကိုကံကောင်း (ခ) ကိုသန့်ဇင်ကို ဆက်လက်ဖမ်းဆီးပြီး ၃ ဦးလုံးကို အမှတ် ၂ ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

“ခေါင်းဆောင်လုပ်တဲ့ အကြီးဆုံးကောင် ကံကောင်းဆိုတဲ့ ကောင်လေးကတော့ တပ်ပြေးလို့ ပြောတယ်။ ဘယ်တပ်က ပြေးလာတာလဲတော့ မသိဘူး။ ကြံုရာခိုးစားလိုက်၊ ကြံုရာထိုးအိပ်လိုက် နေနေတဲ့ ကောင်လေးပေါ့။ တခါတလေကျ တော့ ဘုန်းကြီးအတုလို လျှောက်တောင်းစားနေတာပေါ့။ ကျန်တဲ့ ကလေးတွေကလည်း ပျံကျ တောက်တိုလေးတွေ ပေါ့နော” ဟု မုံရွာခရိုင်အဆင့်ရှိ ရဲအရာရှိတဦးက ပြောသည်။

“အခုတော့ အမှုစစ်ကနေ စစ်ဆေးနေပါတယ်။ စစ်ဆေးဆဲကာလဖြစ်တုန်းမို့ တရားတော့ မစွဲတင်ရသေးပါဘူး။ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆/၅၁၁ တို့နဲ့ အမှုဖွင့် ထားတာပေါ့နော်။ မီးရှို့ရန် ကြံစည်မှုပဲရတယ်။” ဟု သူက ထပ်ပြောသည်။

ပုဒ်မ ၄၃၆ သည် ကိုးကွယ်ဝတ်ပြုသည့် နေရာ၊ အိမ်၊ ကျောင်း၊ ပစ္စည်းသိုလှောင်ရာအဆောက်အအုံကို မီး သို့မဟုတ် ပေါက်ကွဲစေတတ်သည့်အရာဖြင့် ဖျက်ဆီးရန် ကြံစည်မှုဖြစ်ပြီး ထောင်ဒဏ် ၁ဝ နှစ် သို့မဟုတ် တသက်တကျွန်း ချမှတ်နိုင်သည်။

ယခင်လ ၃ဝ ရက်နေ့ နံနက် အာရုဏ်ဦး အချိန်တွင် ကပ်လျှက်တည်ရှိသော လယ်တီကျောင်းနှင့် စိတ္တသုခကျောင်းတို့ကို မီးရှို့ရန် မောင်နေဝင်းအောင်နှင့် မောင်ဇော်ဇော်အောင် တို့က ဓါတ်ဆီပုလင်း၊ မီးခြစ်များဖြင့် တချိန်ထဲ ဝင်ရောက်သွားချိန်တွင်  သံဃာတော်များက ဖမ်းဆီးမိခဲ့သည်။

အမှုခင်းမဖြစ်မီ တရက်အလို မနက်ပိုင်းတွင် ကျောင်း ၄ ကျောင်းကို မီးရှို့မည်ဟု ဖုန်းဆက် ခြိမ်းခြောက်လာသဖြင့် ည မအိပ်ဘဲ စောင့်ဖမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု သံဃာတော်တပါးက မိန့်သည်။

သို့သော်လည်း သံဃာတော်တပါးက အမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ ၆ ဦးအထိ ရှိပြီဖြစ်သည်ဟု ဆိုသည်။

ခရိုင်ရဲမှူးကမူ မီးရှို့ရန် ကြံစည်သူများကို သံဃာတော်များထံမှ မြို့ခံရဲများနှင့် သက်ဆိုင်ရာ မြို့ခံအာဏာပိုင်များက စိတ္တသုခကျောင်းထဲမှ ခက်ခက်ခဲခဲ တောင်းယူခဲ့ရပြီး ၃ ဦးသာဖြစ်သည်ဟု ဆိုသည်။

တပ်ပြေးကိုကံကောင်း၏ ထွက်ဆိုချက်ကို ကိုးကား၍ ရဲက ပြောကြားရာတွင် ကိုကံကောင်းမှာ ယခင်က စိတ္တသုခကျောင်းတွင် ပစ္စည်းခိုးရန်ကြံစည်ရာ သံဃာတော်များ တွေ့သွားသဖြင့် မောင်းထုတ်ခံရသည်ကို မကျေနပ်၍ ကလေးနှစ်ဦးကို စည်းရုံးပြီး မီးရှို့လက်စားချေရန် ကြံစည်ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် အဘယ်ကြောင့် ကျန်ကျောင်း ၃ ကျောင်းကိုပါ မီးရှို့ရန် ကြံစည်ရသည်ကိုမူ မသိရသေးကြောင်း ခရိုင်ရဲမှူးက ဖြေသည်။

အဆိုပါ ဘုန်းကြီးကျောင်း ၄ ကျောင်းသည် စစ်အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းခြင်းကို ခံခဲ့ရသော ၂ဝဝ၇ ခုနှစ် သံဃာတော်များဦးဆောင်သော ဆန္ဒပြ ပရိတ်ရွတ် ဆုတောင်းရာတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။

Most read this week