တိုင်းရင်းသားပါတီများ ကြံ့ခိုင်ရေးပါတီကဲ့သို့ လှုပ်ရှားစည်းရုံးခွင့်မရှိ

တိုင်းရင်းသားပါတီများ ကြံ့ခိုင်ရေးပါတီကဲ့သို့ လှုပ်ရှားစည်းရုံးခွင့်မရှိ
သျှမ်းပြည်အတွင်း နိုင်ငံရေးပါတီ ၁၀ ခု ထက်မနည်းရှိသည့်အနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တပါတီတည်းသာ လွတ်လပ်စွာသွားလာစည်းရုံးဟောပြောမဲဆွယ်ခွင့်ရှိကြောင်း အမည်မဖေါ်လိုသည့် နိုင်ငံရေး ပါတီ အသိုင်းအဝိုင်းက ...

သျှမ်းပြည်အတွင်း နိုင်ငံရေးပါတီ ၁၀ ခု ထက်မနည်းရှိသည့်အနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တပါတီတည်းသာ လွတ်လပ်စွာသွားလာစည်းရုံးဟောပြောမဲဆွယ်ခွင့်ရှိကြောင်း အမည်မဖေါ်လိုသည့် နိုင်ငံရေး ပါတီ အသိုင်းအဝိုင်းက ပြောပါသည်။

“ကျနော်တို့သျှမ်းပြည်မှာ ကြံ့ဖွတ်ပါတီ၊ တစည ပါတီအပါအဝင် တိုင်းရင်းသားပါတီတွေစုစုပေါင်း ၁၀ ခု ထက် မနည်းရှိတယ်။ မှတ်ပုံတင် မကျသေးတဲ့ပါတီတွေလဲရှိသေးတယ်၊ ဒါပေမယ့် ကြံ့ဖွတ်ကလွဲလို့ ဘယ်ပါတီမှ လွတ် လွတ်လပ်လပ်စည်းရုံးရေးဆင်းခွင့်မရဘူး”- ဟု တိုင်းရင်းသားနိုင်ငံရေးပါတီဝင် ကျိုင်းတုံသားတဦးက ပြောပါ သည်။

ဂျွန်လဆန်းပိုင်းကစ၍ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများအား ပါတီထောင်ခွင့် မှတ်ပုံတင်ခွင့်ပြု ချက် ဆက်တိုက်ချပေးခဲ့သော်လည်း တိုင်းရင်းသားပါတီများမှာ ပါတီဝင်ဦးရေပြည့်မှီရေးအတွက်သာ စည်းရုံးခွင့် ရကြောင်း၊ ပါတီအနိုင်ရရှိရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း/ပြည်နယ်ကိုယ်စားလှယ်လောင်း ထောက်ခံမဲရရေးအတွက် စည်းရုံးခွင့်မရသေးကြောင်း - တိုင်းရင်းသားနိုင်ငံရေးပါတီ အသိုင်းဝိုင်းကပြောပါ သည်။

“ကျနော်တို့ ကျိုင်းတုံမှာ ကျေးရွာအုပ်စုတိုင်းကို သွားစည်းရုံးတယ်။ ကျေးရွာအုပ်စုတခု အင်အား ၃၅၀ ပြည့်ရ မယ်၊ ကြံ့ဖွတ်ပါတီမဝင်မနေရ၊ ၀င်ပြန်တော့လဲ ပါတီဝင်ကြေး တယောက် ၁၀၀၀ ကျပ် ထပ်ကောက်သေးတယ်၊  သူ့ခေတ်ဆို တော့လဲ သူလုပ်ချင်ရာလုပ်နေတယ် ” - ဟု ကြံ့ဖွံ့ပါတီထဲ အဓမ္မဝင်ခိုင်းခံရသူ ဒေသခံတဦးက ပြောပါသည်။

ရန်ကုန် တောင်ဥက္ကလာပ ရုံးချုပ်စိုက်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပါတီမှတ်ပုံတင် ကျချိန်မှစ၍ သျှမ်းပြည် မြို့ကြီးအချို့တွင် မြို့နယ်ရုံးခွဲများ ဆက်တိုက်ဖွင့်ခဲ့သော်လည်း နယ်ဘက်သို့မူ စည်းရုံးရေးမဆင်း သေး ကြောင်း၊ သံလွင်အရှေ့ခြမ်း မိုင်းတုံ၊ မိုင်းဆတ်ဘက်တွင်လည်း ကြံ့ဖွံ့ပါတီသာရှိကြောင်း - မိုင်းတုံ မြို့ခံတဦးက ဤကဲ့သို့ပြောပြပါသည်။

“ကြံ့ဖွတ်ပါတီဘဲရှိမယ်ဆိုရင် အဲဒီဒေသ/မြို့နယ် ရွေးကောက်ပွဲလုပ်စရာမလိုတော့ဘူးတဲ့၊ အလိုလိုနေရင်း သူတို့ ပါတီကလူဘဲ လွှတ်တော်ကိုယ်စားလှယ်/ပြည်နယ်ကိုယ်စားလှယ်တန်းဖြစ်မယ်တဲ့ ”

သျှမ်းပြည်တွင် ပြည်ခိုင်ဖြိုးပါတီ USDP၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ UNP နှင့် ၁၉၄၇ ပင်လုံညီလာခံ တက်ရောက်သူ သျှမ်းဝါရင့် နိုင်ငံရေးသမား ဦးရွှေအုံး ဦးဆောင်သည့် ပြည်ထောင်စုဒီမိုကရေစီပါတီ UDP တို့ အပါအဝင် စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့်လျှောက်သည့် နိုင်ငံရေးပါတီ ၁၂ ခုရှိ ကြောင်း အဆိုပါ အသိုင်းအဝိုင်းက ပြော၏။

“လားရှိုးမြို့တခုထဲ နိုင်ငံရေးပါတီ မှတ်ပုံတင်ရထားတဲ့ပါတီ ၅ ခုက ပါတီရုံးချုပ်တွေ၊ ရုံးခွဲတွေ ဆိုင်းပုဒ်တွေ အသီး သီးဖွင့်လှစ်ထားပြီးပြီ၊ ကချင်ပါတီဖြစ်တဲ့ NSSPP ပါတီက မှတ်ပုံတင်ကျလာရင်မူစယ်မှာရုံးဖွင့်မယ်လို့သိရတယ်” - ဟု လားရှိုးမြို့ခံတဦးက ပြောပါသည်။

လားရှိုးမြို့၌ ရုံးဖွင့်သည့် နိုင်ငံရေးပါတီ ၅ ခုမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူ ပါတီ (မြို့နယ်ကော်မတီ -ဥက္ကဌ စိုင်းအောင်ကြီး)၊ လားဟူအမျိုးသားဒီမိုကရက်တစ်ပါတီ LNDP (ရုံးချုပ် - ဥက္ကဌ ဂျဟားဆဲ ၅၆ နှစ်)၊ ၀ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ WNUP (ရုံးချုပ်- ဥက္ကဌ တာ့ပလိ)၊ ကိုးကန့် ဒီမိုကရေစီနှင့် စည်းလုံး ညီညွတ်ရေးပါတီ KDUP (ရုံးချုပ် - ဥက္ကဌ လော်ရှင်းကွင်း ၆၀ နှစ်)၊ နှင့် ကြံ့ဖွံ့ပါတီ (ရုံးခွဲ - ဥက္ကဌကျောက်မဲသား ဦးနော်ခမ်း ဦး) တို့ဖြစ်သည်။

ကျန်ပါတီများမှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP မှ ဟိုပန်မြို့နယ်ပြည်သူ့ ကိုယ်စားလှယ် ခွန်ထွန်းလူ ဦးဆောင်သည့် ၀ တီမိုကရေစီပါတီ WDP၊ ယခင် PSLA ပလောင်ပြည်လွတ်မြောက် ရေး တပ်မတော် ဥက္ကဌ ဟောင်းမိုင်အိုက်မုန့် ဦးဆောင်သည့် ပလောင်အမျိုးသားပါတီ/ ပလောင် တိုင်းရင်း သားဒီမိုကရက် တစ်ပါတီ PNP/PNDP ၊ လားရှိုးမြို့ ရပ်ကွက် ၂ နေ ဦးပေါ်ဦး (ရုံးခွဲဥက္ကဌ) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ NUP၊ အင်းအမျိုးသားဖွံ့ဖြိုးရေးပါတီ INDP၊ ကယန်းအမျိုးသားပါတီ KNP နှင့် ကချင်ပါတီဖြစ်သည့်သျှမ်းပြည်မြောက်ပိုင်း တိုးတက် ရေးပါတီ NSSPP တို့ဖြစ်ကြသည်။

Most read this week