ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်ရန် ဘူးသီးတောင် မောင်တော ကားလမ်းကို ယာယီ သွားလာနိုင်အောင် ပြုလုပ်

ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်ရန် ဘူးသီးတောင် မောင်တော ကားလမ်းကို ယာယီ သွားလာနိုင်အောင် ပြုလုပ်
by -
မောင်အေး
မိုးကြီး မြေပြို တံတားပျက်၍ ကားအသွားအလာ လုပ်၍ မရဘဲ ဖြစ်နေသော ဘူးသီးတောင်-မောင်တော ကားလမ်းအား ဆင်ဖြူတော်ကို သယ်ယူရန်အတွက် ယခုအခါ ယာယီ သွားလာနိုင်အောင် ပြုလုပ်...

မိုးကြီး မြေပြို တံတားပျက်၍ ကားအသွားအလာ လုပ်၍ မရဘဲ ဖြစ်နေသော ဘူးသီးတောင်-မောင်တော ကားလမ်းအား ဆင်ဖြူတော်ကို သယ်ယူရန်အတွက် ယခုအခါ ယာယီ သွားလာနိုင်အောင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

လုပ်ငန်းအခြေနေနှင့် ပတ်သတ်ပြီး အမည်မဖေါ်လိုသူ မောင်တောမြို့မှ အင်ဂျင်နီယာ တဦးက ယခုကဲ့သို့ ပြောသည်။

“ပျက်သွားတဲ့ ကားလမ်းကို ဇူလိုင် ၁၁ ရက်နေ့ကို နောက်ဆုံးထားပြီး ယာယီ သွားလာလို့ရ အောင် ပြုလုပ်ရမယ်ဆိုပီး အထက်က ညွန်ကြားချက် ထုတ်ထားပါတယ်။ အခု ကျွန်တော်တို့က လမ်း တလျှောက်မှာ ကျိုးပျက်သွားတဲ့ တံတားတွေကို သံတန်း ထိုးပြီး ပျဉ်ခင်းကာ ယာယီ သွားလာလို့ ရအောင် ပြုလုပ်နေပါတယ်။ အားလုံးကတော့ ပြီးလုနီးပါးရှိနေပြီ။ လိူဏ်ဂူ ငယ်နားက တံတား တခုဘဲ ကျန်ပါတော့တယ်။ ဒါလည်း များမကြာခင် ပီးစီးသွားပါလိမ့်မယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ အာဏာပိုင်များသည် မောင်တောမြို့နယ် ဖက်ဝပ်ချောင်းမှ ဖမ်းဆီးရမိသော ဆင်ဖြူအား နေပြည်တော်သို့ ယခုလ အတွင်း အရောက် ပို့ရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ညွန်ကြားထားသဖြင့် ယခုအခါ ဘူးသီးတောင်-မောင်တောကားလမ်းကို ဆင်ဖြူတော်ကို သယ်ဆောင်နိုင်ရန် အတွက် ယာယီ အပူတပြင်း ပြုလုပ် နေခြင်း ဖြစ်သည်။

မောင်တောမြို့ အာဏာပိုင် သတင်းရပ်ကွက်အရ များမကြာမီ ရက်ပိုင်းအတွင်း ဆင်ဖြူတော်ကို ယူဆောင်ရန် နေပြည်တော်မှ အထူးအဖွဲ့တဖွဲ့ မောင်တောမြို့ သို့ရောက် ရှိလာမည်ဖြစ်ပြီး ဇူလိုင် ၁၁ ရက်နေ့တွင်ပင် မောင်တော ဘူးသီးတောင်လမ်းကို ဖွင့် ပွဲပြုလုပ်ကာ ဆင်ဖြူတော်ကိုလည်း ယင်းနေ့တွင်ပင် ယူဆောင် သွားမည်ဖြစ်ကြောင်း သိသည်။

ဆင်ဖြူတော်ကို ယခုအခါ နစက ဌာနချုပ်တည်ရှိရာ ကျီးကန်းပြင်သို့ ပြောင်းရွေ့ သွားပြီ ဖြစ်ကြောင်းနှင့် ဆင်ဖြူတော် လုံခြံုရေး အတွက် အစောင့်အရှောက်များ ထူထပ်စွာ ချထားကြောင်း သိရသည်။

ဆင်ဖြူတော်ကို ဘူးသီးတောင်မှ စစ်တွေသို့ ရေလမ်းဖြင့် ယူဆောင်ရန် အတွက် ဘူးသီးတောင် သင်္ဘောဆိပ်ကမ်းတွင် ရေကျွဲ အမည်ရှိ ဆွဲသင်္ဘော တစီး ရောက်ရှိနေပြီး အဆိုပါ သင်္ဘောပေါ်တွင် ဆင်ဖြူတော် လိုက်ပါရန် အတွက် ရောင်စုံ စက္ကူများဖြင့် မဏ္ဍပ်များ ဆင်ယင် ပြုလုပ်နေကာ ရောင်စုံ အလံများ ကိုလည်း ချိတ်ဆွဲရန် စီစဉ်နေကြောင်း ဘူးသီးတောင်မြို့ခံများက ပြောသည်။

ယခုဖမ်းဆီးရမိထားသည့် ဆင်ဖြူမှာ အမဖြစ်ကာ အသက် ၃၈ နှစ်ရှိပြီး ဇွန်လ ၂၆ ရက်နေ့ က ဒေသခံများ၏ သတင်း ပေးချက်အရ မောင်တောမြို့နယ် မြောက်ပိုင်း ဖက်ဝပ်ချောင်း ကျေးရွာအနီး မယူတောင်တန်းမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ပြည်သူများ သွားလာနိုင်ရန် ကားလမ်းကို ပြုပြင် တည်ဆောက်ခြင်း မရှိဘဲ ဆင်ဖြူတော်ကို သယ်ယူရန်အတွက် အာဏာပိုင်များက ကားလမ်းကို အပူတပြင်း ပြုပြင်နေသဖြင့် ရခိုင်လူထုထက် ဆင်ဖြူတော် အပေါ် အလေးထားသော နအဖ စစ်အစိုးရ၏ လုပ်ရပ်အပေါ် ရခိုင်လူထုက နားမလည်အောင် ဖြစ်နေကြောင်း မောင်တောမြို့ခံများက ပြောသည်။

Most read this week