စစ်တွေ နည်းပညာ ကောလိပ်မှ ကျောင်းသားများ ပြည်နယ် ပယက ရုံးရှေ့တွင် ဆန္ဒပြ

စစ်တွေ နည်းပညာ ကောလိပ်မှ ကျောင်းသားများ ပြည်နယ် ပယက ရုံးရှေ့တွင် ဆန္ဒပြ
by -
မောင်အေး
စစ်တွေ နည်းပညာကောလိပ် ( GTC) မှ ကျောင်းသား ၃၀၀ ကျော်ခန့်သည် ယမန်နေ့က သူတို့ စာသင်ကြားရာ ကောလိပ်မှ ရခိုင်ပြည်နယ် ပယက ရုံးထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြ...

စစ်တွေ နည်းပညာကောလိပ် ( GTC) မှ ကျောင်းသား ၃၀၀ ကျော်ခန့်သည် ယမန်နေ့က သူတို့ စာသင်ကြားရာ ကောလိပ်မှ ရခိုင်ပြည်နယ် ပယက ရုံးထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြသည်ဟု အမည် မဖေါ်လိုသူ ကျောင်းသား ခေါင်းဆောင် တဦးက ပြောသည်။

“ အဓိကတော့ ကျောင်းကားတွေ ဆီအလုံအလောက် မရတဲ့ အတွက် အလာနည်းသွားတယ်။ လာတဲ့ ကားကလည်း ကားခ ၁၀၀ ကျပ် ကနေ ၂၀၀ ကျပ်ထိ တိုးတောင်း တယ်။ ခုလို တိုးတောင်းတဲ့ ကျပ် ၁၀၀ ကို ကျောင်းသားတွေက မပေးနိုင်ဘူး။ ဒါကို မကျေနပ်တဲ့ အတွက် ကျွန်တော်တို့ ကျောင်းသားတွေ GTC ကနေပြီး ပြည်နယ် ပယက ရုံးထိ ချီတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်နယ် ပယက ရုံးရှေ့တွင် ငြိမ်းချမ်းစွာ ထိုင်ဆန္ဒပြရာတွင် ကျောင်းသားများသာမက ကျောင်းသူ အမျိုးသမီးများ ပါ၀င်ပြီး ၀ိုင်းဝန်းကြည့်ရှု့သူများနှင့်ဆိုလျှင် လူပေါင်း ၁၀၀၀ ကျော်ခန့် ဖြစ်သွား ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆန္ဒပြမူကြောင့် GTC မှ ဆရာ ဆရာမများက ပြည်နယ် ပယကရုံးထိ လိုက်လာပြီး ကျောင်းသားများနှင့် ပြည်နယ် အစိုးရ အရာရှိများကြားတွင် ၀င်ရောက် ဖြေရှင်းပေးခဲ့ရသည်ဟု သိရသည်။

“ကျွန်တော်တို့ တောင်းဆိုတာ ကျောင်းကားတွေကို စနစ် တကျ စီစဉ်ပေးဖို့တောင်းဆိုတယ်။ ပီးရင် ကားခတွေကို ၁၀၀ ကျပ်ထက် ပိုမကောက်ရဘူးဆိုပီး တောင်းဆိုတယ်။ နောက် တချက် တောင်းဆို တာက ငွေအကြွေတွေ လဲလှယ် ထုတ်ပေးဖို့ တောင်းဆိုတယ်။ ဘာဖြစ်လို့လည်း ဆိုရင် ငွေအကြွေ ပြန်မအမ်းနိုင်တဲ့ အတွက် ကျောင်းသားတွေနဲ့ ကားသမားတွေ အကြားမှာ မကြာခဏ ပြဿနာ တက်တာတွေ ရှိတယ်။ ဒီပြဿနာကလည်း ကျောင်းသားတွေ နေ့စဉ် ကြံုနေရတဲ့ အတွက် ငွေအကြွေ ပြဿာကို ဖြေရှင်းဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

အာဏာပိုင်များဘက်မှ လတ်တလော အနေဖြင့် ကားခ ၁၀၀ ထက် ပိုမကောက်ရန် သဘောတူ သဖြင့် ဆန္ဒပြမူကို ညနေ ၉ နာရီခွဲတွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခင်က စက်သုံးဆီများကို အစိုးရမှ ထုတ်ပေးရာမှ ထူးကုမ္ပဏီသို့ လွဲပြောင်းပေးပြီးနောက်ပိုင်း ကျောင်းအကြိုအပို့ လုပ်ပေးနေသော ကားများကို စက်သုံးဆီ မရောင်းချရာမှ ကျောင်းကားများ အကြို အပို့ လုပ်ရန် ပျက်ကွက်ပြီး တချို့ကားများမှ ကားခများ ပိုတောင်းရာမှ ယခုကဲ့သို့ ကျောင်းသားများ ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်ဟု သတင်း ရရှိသည်။

Most read this week