၂၀၁၀အတွက် ကယန်းအမျိုးသားပါတီမှ စာပေအဖွဲ့နှင့် ပူးပေါင်းရန် ကြိုးစားသော် လူငယ်များလက်မခံ

၂၀၁၀အတွက် ကယန်းအမျိုးသားပါတီမှ စာပေအဖွဲ့နှင့် ပူးပေါင်းရန် ကြိုးစားသော် လူငယ်များလက်မခံ
by -
နှောင်းလှိုင်
စစ်အစိုးရ၏ ရွေးကောက်ပွဲသို့ မှတ််ပုံတင်ထားသည့် ကယန်းအမျိုးသားပါတီသည် ရှေ့ဆက်လုပ်ငန်းစဉ်များ ဆက်လက် လှုပ်ရှားနိုင်ရန် ကယန်းစာပေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားသော်လည်း ကယန်းစာပေ လူငယ်များမှ လက်မခံ...

စစ်အစိုးရ၏ ရွေးကောက်ပွဲသို့ မှတ််ပုံတင်ထားသည့် ကယန်းအမျိုးသားပါတီသည် ရှေ့ဆက်လုပ်ငန်းစဉ်များ ဆက်လက် လှုပ်ရှားနိုင်ရန် ကယန်းစာပေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားသော်လည်း ကယန်းစာပေ လူငယ်များမှ လက်မခံသည့် အတွက် အခက်အခဲရှိနိုင်သည်ဟု ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ဆိုသည်။

“သူတို့ကို မပူးပေါင်းစေချင်တာလည်း မဟုတ်ဘူး၊ ပူးပေါင်းပါလို့လည်း မပြောဘူး၊ သို့သော်လည်းပဲ သူတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်အတိုင်း အကောင်အထည်ဖော်နိုင်ဖို့ လူထုထောက်ခံမှု ရှိအောင်တော့ လုပ်ဆောင်ဖို့ လိုတယ်ဗျ” ဟု ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်းရော်ဘင်ဆန်က ပြောပါ သည်။

ကယန်းအမျိုးသားပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်သော်လည်း ကယန်းအမျိုးသား စာပေအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မှု မရှိပါက ကယန်းမဲဆန္ဒနယ်များတွင် စည်းရုံးရေးလုပ်ရန် အခက်အခဲ ရှိနိုင်သည်ဟု ခွန်းရော်ဘင်ဆန်က ထောက်ပြသည်။

ကယန်းအမျိုးသားပါတီသည် စစ်အစိုးရ တဖက်သတ်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သေချာ နားလည်အောင် ဖတ်ဖို့ရန်လိုအပ်ကြောင်း ဆိုပါသည်။

“စာပေနဲ့ပေါင်းပြီး ဆက်လုပ်နိုင်တာပေါ့။ စာပေ သူတို့ကိုထောက်ခံမယ်ဆိုရင်လေး။ မထောက်ခံဘူးဆိုရင်တော့ သူတို့ ဘယ်လိုမှ ဆက်လုပ်လို့ မရတော့ဘူး” ဟု ခွန်းရော်ဘင်ဆန်က ပြောသည်။

ထိုပါတီသည် ဘဏ္ဍာငွေ အခက်အခဲနှင့် ထောက်ခံသူအင်အား နည်းနေသည့်အတွက် လူထုအား စည်းရုံးရေး မလုပ်နိုင်သည့် အပြင် မည်သည့်လှုပ်ရှားမှုမျှ မလုပ်နိုင်ဘဲ ရှိနေသည်ဟု သိရသည်။

“သူတို့ ပါတီအဖွဲ့ဝင် မဟုတ်ရင်တောင်မှ သူတို့ပါတီကို ထောက်ခံတဲ့ ပုဂ္ဂိုလ်တွေဆီမှာ ထောက်ပံ့မှု ရရှိနိုင်တာပေါ့ သိုု့သော်လည်းဘဲ သူတို့ကို ထောက်ခံတဲ့သူ အနည်းငယ် ရှိတဲ့အတွက် ရံပုံငွေ အခက်ခဲ ရှိနိုင်တယ်ပေါ့” ဟု ခွန်းရော်ဘင်ဆန်က ပြောပါသည်။

ကယန်းစာပေမှ လူကြီးလူငယ်အကြား သဘောထား ကွဲလွဲမှုများ စရှိနေပြီး လူငယ်များ၏ ထောက်ခံမှုကို ရရှိရန် စည်းရုံးသော်လည်း လူငယ်များ လက်ခံမှုကို မရရှိခဲ့ပါ။ ကယန်းစာပေအဖွဲ့သည် နိုင်ငံရေးနှင့် ပတ်သက်မှာ မဟုတ်ကြောင်း စာပေအဖွဲ့မှ လူငယ်များက ဆိုသည်။

ယခုလောလောဆယ်တွင် ကယန်းစာပေအဖွဲ့အား တာဝန်ယူ ဦးဆောင်သောသူမှာ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ခွင့်ပြုချက် ရထားသည့် ကယန်းအမျိုးသားပါတီ ဥက္ကဌ ဦးယူဂျင်းပင် ဖြစ်သည်။

“အခု လောလောဆယ်မှာက စာပေအဖွဲ့က လုပ်ငန်း အတော်များများ ကို လုပ်ပိုင်ခွင့်ရှိနေပါတယ်။ အခြားအဖွဲ့တွေက နိုင်ငံရေးတွေနဲ့ ပတ်သက်ငြိတွယ်တဲ့ အတွက် ကြောင့် စောင့်ကြည့်ခံနေရပါတယ်” ဟု ကယန်းအမျိုးသမီး အစည်းအရုံးမှ မူဆိုဖီယာက ပြောသည်။

ကယန်းစာပေအဖွဲ့သည် သက်ကြီးပိုင်းများသာ ကယန်းအမျိုးသားပါတီအား ထောက်ခံပြီး များသောအားဖြင့် သက်ငယ်ပိုင်း များသည် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်သည့် လူငယ်များ ကယန်းစာပေအဖွဲ့ထဲတွင် အများစု ရှိနေသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ကယန်းအမျိုးသားပါတီ အနေဖြင့် မည်သို့ သဘောထား ရှိကြောင်းကို ကယန်းပြည်သူအကြား ရှင်းရှင်း လင်းလင်း ချမှတ်ပေးရန်လိုအပ်ကြောင်း၊ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲသည် ကယန်းလူထုများ အခွင့်အရေးနှင့် ဖွ့ံဖြိုးတိုးတက်မှု အာမခံချက် ဘယ်လောက် ရှိမရှိ ချမှတ်ပေးနိုင်မှသာ လူထု၏ထောက်ခံမှုကို ရရှိမှာဖြစ်သည်ဟု ဆိုသည်။

ရှမ်းပြည်နယ် ဖယ်ခုံမြို့တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသော ကယန်းအမျိုးသားပါတီအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၀ မေလ ၂၀ရက်နေ့တွင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။ ကယန်းအမျိုးသားပါတီ၏ ပါတီအမှတ်မှာ ရ ဖြစ်သည်။