မဲပေးပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသား အသိအမှတ်ပြုကတ် တမျိုးမျိုး ရရှိစေရမည်ဟုပြော

မဲပေးပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသား အသိအမှတ်ပြုကတ် တမျိုးမျိုး ရရှိစေရမည်ဟုပြော
မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း လာမည့် ရွှေးကောက်ပွဲတွင် မဲထည့်နိုင်ရန်အတွက် နိုင်ငံသား အသိအမှတ်ပြုကတ် တမျိုးမျိုး ရရှိအောင် စီစဉ်ဆောင်ရွက်ပေးနေ..

မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း လာမည့် ရွှေးကောက်ပွဲတွင် မဲထည့်နိုင်ရန်အတွက် နိုင်ငံသား အသိအမှတ်ပြုကတ် တမျိုးမျိုး ရရှိအောင် စီစဉ်ဆောင်ရွက် ပေးနေကြောင်း မောင်တော လဝကမှ ၀န်ထမ်းတဦးက ပြောသည်။

မြန်မာနိုင်ငံ လူဝင်မူကြီးကြပ်ရေး ဦးစီးဌာနမှ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံသား အသိအမှတ်ပြု ကတ်အမျိုးအစား ၅ ခုကို ထုတ်ပေးနေပြီး အဆိုကတ်များမှာ နိုင်ငံသား စိစစ်ရေးကတ်၊ အမျိုးသား မှတ်ပုံတင်ကတ်၊ ဧည့်နိုင်ငံသား ကတ်၊ ပြုနိုင်ငံသားကတ်နှင့် ယာယီသက်သေခံကတ် တို့ဖြစ်ကြသည်။

အဆိုပါ ကတ်များကို အောက်တိုဘာလ ၃၁ ရက်နေ့ထိ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်းကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။

အမျိုးသား မှတ်ပုံတင်ကတ် (သို့မဟုတ်) ယာယီသက်သေခံ လက်မှတ်များကိုလည်း နိုင်ငံသား စိစစ်ရေး ကတ်ပြားများအဖြစ် ပြောင်းလဲထုတ်ပေးခြင်းနှင့် သွေးနှော တိုင်းရင််းသားများအတွက်လည်း အသိအမှတ်ပြုကတ် တမျိုးမျိုးကို ထုတ်ပေးနေကြောင်း သူက ပြောသည်။

ထိုကဲ့သို့ ထုတ်ပေးခြင်းကို ကျေးရွာနှင့် ရပ်ကွက်အတွင်းရှိ ရယက အဖွဲ့ဝင်များ၏ ထောက်ခံချက်များနှင့် နိုင်ငံသားကတ်မရှိ သူများကို စိစစ်ထုတ်ပေးနေကြောင်း သိရသည်။

သို့သော်လည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ မူဆလင်များကိုမူ ယခင်က အဖြူရောင် ယာယီသက်သေခံ လက်မှတ်ကတ်ပြားများကို ထုတ်ပေးထားသော်လည်း ယခုအချိန်ထိ တခြားအသစ်ကတ်ပြားများ ပြောင်းလဲထုတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် ထုတ်ပေးသော အဖြူရောင် ကတ်ပြားတွင် လူမျိုးနှင့် ဘာသာကို ဖေါ်ပြရာတွင် လူမျိုးကို မူဆလင်၊ ဘာသာ အစ္စလာမ်ဟု ရေးထိုးဖေါ်ပြပြီး ကျော့ဘက် အောက်ဆုံးတွင် “ ဤကတ်ပြားသည် မည်သည့် နိုင်ငံသားဟု သက်သေခံခြင်း အလျဉ်း မရှိစေရ” ဟု ပါရှိသည်။

မောင်တော စျေးကြီးမှ စျေးဆိုင်ပိုင်ရှင် တဦးက “ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ နေထိုင်နေတဲ့ အစ္စလာမ် ဘာသာဝင် ကျွန်တော်တို့ကို ခုထုတ်ပေးထားတဲ့ အဖြူရောင် ကတ်တွေထက် အဆင့်မြင့်တဲ့ ပန်းနုရောင် ကတ်တမျိုးကို ထုတ်ပေးမယ်ဆိုပြီး ဒုဝန်ကြီး ဖုန်းဆွေ လာတုန်းက ပြောသွားပါတယ်။ ခုချိန်ထိတော့ ဘာမှ ထုတ်မပေးသေးပါဘူး။ ကျွန်တော်တို့လည်း အဲဒီကတ်အသစ်ကို မျှော်နေကြပါတယ်” ဟု ပြောသည်။

ယခု လာမည့် ရွေးကောက်ပွဲတွင် ဘူးသီးတောင်နှင့် မောင်တောရှိ အစ္စလာမ်ဘာသာဝင်များလည်း မဲပေးခွင့် ရရှိကြမည် ဖြစ်ရာ သူတို့ကို စည်းရုံးသည့် အနေဖြင့် စစ်အစိုးရ အာဏာပိုင်များက ယခင် အဖြူရောင် ကတ်ထက် အဆင့်မြင့်သည့် တခြား ကတ်ပြား အသစ်တမျိုးကို ထုတ်ပေးရန် စီစဉ်နေကြောင်း သိရသည်။

Most read this week