ကလေးစစ်သားများ၏ ဘဝဇာတ်လမ်းစုံ

ကလေးစစ်သားများ၏ ဘဝဇာတ်လမ်းစုံ
by -
Perry Santanachote
အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသော သူဇင်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က နေ့စဉ်သွားနေကျ ခရီးစဉ်အတိုင်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်ရှိ သူ၏ ဆင်ခြေဖုံးရပ်ကွက်မှ ပန်းလှိှုင်မြစ်ကို ဖြတ်ကာ ဆင်မလိုက် သင်္ဘောကျင်းသို့ သွားရောက်ခဲ့...

အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသော သူဇင်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က နေ့စဉ်သွားနေကျ ခရီးစဉ်အတိုင်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်ရှိ သူ၏ ဆင်ခြေဖုံးရပ်ကွက်မှ ပန်းလှိှုင်မြစ်ကို ဖြတ်ကာ ဆင်မလိုက် သင်္ဘောကျင်းသို့ သွားရောက်ခဲ့ပါသည်။ သူနှင့် သူ၏ မိသားစုသည် ဝက်ခေါက်ရောင်းခြင်းဖြင့် အသက်မွေးနေကြသူများဖြစ်ပြီး ဆင်မလိုက် သင်္ဘောကျင်းနားတွင် ဝက်ခေါက်ပို့ပေးရန် သွားခြင်း ဖြစ်သည်။

သို့သော် သူဇင်ဦးသည် ဆင်မလိုက် သင်္ဘောကျင်းသို့လည်း မရောက်၊ အိမ်သို့လည်း ပြန်မရောက်ခဲ့ပေ။ သူသည် အသက် ၁၇ နှစ် အရွယ်နှင့် မြန်မာစစ်အစိုးရ၏ စစ်တပ်တွင် စစ်မှှုထမ်းရန် ခေါ်ဆောင်သွားခံခဲ့ရခြင်း ဖြစ်သည်။

သူဇင်ဦး ကဲ့သို့သော အဖြစ်အပျက်များသည် မြန်မာနိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ် တခုကဲ့သို့ ရှိနေပြီး ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံသည် ကလေးစစ်သား အများအပြား ရှိနေသည့် နိုင်ငံဖြစ်ကြောင်း မကြာခဏ ဝေဖန်ပြောဆိုခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှှုအဖွဲ့ HRW က မြန်မာနိုင်ငံ၌ ကလေးစစ်သား ပေါင်း ရ သောင်း (၇ဝ,ဝဝဝ) ခန့်ရှိသည်ဟု ခန့်မှန်းခဲ့သည်။ စစ်အစိုးရသည် အသက်မပြည့်သေးသည့် ကလေးငယ်များအား စစ်တပ်တွင် ခန့်ထားမှှုကို ဟန်ပြ သက်သက်သာ ထိန်းချုပ်နေသဖြင့် ကလေးစစ်သား အရေအတွက်သည် လျော့ကျသွားခြင်း မရှိခဲ့ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှှုအဖွဲ့က ဆိုသည်။ ထိုသို့ဖြင့် ကံဆိုးရှာသည့် သူဇင်ဦးသည် ဒီဇင်ဘာ နေ့တနေ့တွင် ကလေးစစ်သား တဦး ဖြစ်လာခဲ့ရသည်။

သူသည် ဆင်မလိုက်သို့အသွား ဘုရင့်နောင်လမ်းဆုံတွင် ဘတ်(စ်)ကား ပြောင်းစီးရန်အတွက် နောက်လာမည့် ကားကို စောင့်ဆိုင်းနေစဉ် လူစိမ်းတဦးက သူ့ကို လက်ယပ် ခေါ်သဖြင့် ထိုသူထံ သွားခဲ့သည်။ ထိုလူစိမ်းက သူဇင်ဦးအား တနေ့လျှင် ဝင်ငွေမည်မျှရကြောင်း မေးရာ သူဇင်ဦးက ဝက်ခေါက်ရောင်းခြင်းမှ တနေ့လျှင် ပျမ်းမျှ ၁၅ဝဝ ကျပ်ခန့် ရတတ်ကြောင်း ပြန်ဖြေခဲ့သည်။ ထိုအခါ ထိုလူစိမ်းက သူဇင်ဦးအား စက်ပြင်ဆရာအဖြစ် လုပ်ကိုင်လျှင် ဝင်ငွေပိုမိုရလာမည် ဖြစ်ကြောင်းနှင့် စက်ပြင်ဆရာ အလုပ်ရရေးအတွက် သူကူညီနိုင်သည်ဟု ပြောခဲ့သည်။

“ကျနော် သူပြောတာကို အရမ်း စိတ်ဝင်စားသွားပြီးတော့ သူ့နောက်ကို လိုက်သွားခဲ့တယ်။ ကျနော့်မိဘတွေကို ကောင်းကောင်း ကျေးဇူးဆပ်နိုင်တော့မယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့” ဟု သူဇင်ဦးက နောက်ကြောင်းပြန် ပြောပြခဲ့သည်။

သို့သော် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် အုပ်ချုပ်နေကြသည်ဆိုသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) စစ်အစိုးရကမူ ၎င်းတို့သည် အသက် ၁၈ နှစ်အောက် ကလေးများအား စစ်တပ်ထဲ အဝင်မခံရန် မူဝါဒ ချမှတ်ထားကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သော်လည်း ကလေးစစ်သား အသုံးပြုမှု တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့ကမူ မြန်မာနိုင်ငံသည် အသက် ၁၂ နှစ်ခန့် ကလေးငယ်များကိုပင် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေသည့် တခုတည်းသော အာရှနိုင်ငံဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ဇွန်လက ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှှု အစီရင်ခံစာတွင် မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံးနိုင်ငံ စာရင်းတွင် ထည့်သွင်းထားသည်။ ထိုအစီရင်ခံစာထဲတွင် “မြန်မာစစ်အစိုးရ၏ အတင်းအဓမ္မ လုပ်အားပေးရန် ခိုင်းစေမှုနှင့် ကလေးစစ်သားများ ခန့်ထားမှုတို့သည် စိုးရိမ်စရာ အခြေအနေတွင် ရှိနေပြီး လူကုန်ကူးမှု ပြဿနာနှင့်လည်း ဆက်စပ်နေသည်” ဟု ဆိုသည်။ ထိုအစီရင်ခံစာသည် မြန်မာစစ်ခေါင်းဆောင်များမှ ပြဿနာ ပြေလည်အောင် အားထုတ်ဖြေရှင်းမှု မရှိခြင်းကိုလည်း အပြစ်တင် ဝေဖန်ထားသည်။

မြန်မာစစ်အစိုးရသည် နိုင်ငံတကာမှ ဖိအားပေးမှုများကို မလွန်ဆန်နိုင်သဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း လိုက်နာကာ ကလေးစစ်သားများ ခန့်ထားနေမှုကို တိုက်ဖျက်ပါမည်ဟု သဘောတူညီခဲ့သည်။ အထူးသဖြင့် ၂ဝဝ၅ ခုနှစ် တွင် ကုလသမဂ္ဂ လုံခြံုရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ မှ ကလေးစစ်သားများ အသုံးပြုမှုကို စောင့်ကြည့်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် ဟန်ပြသဘောတူခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အလုပ်သမား အခွင့်အရေးဆိုင်ရာ အဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နှင့် ပူးပေါင်းလုပ်ဆောင်ကာ အစိုးရကိုယ်တိုင် ၂ဝဝ၇ ခုနှစ်တွင် ဖန်တီးပေးထားခဲ့သော တိုင်ကြားရေး စနစ်များဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျော့နည်းပပျောက်အောင် ဆောင်ရွက်ခဲ့သည်ဟု ဆိုသော်လည်း အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား ယောကျ်ားလေး များအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းသည့် သတင်းများ ထွက်ပေါ်နေခဲ့သည်။

“စစ်တပ် ထိပ်ပိုင်း အရာရှိတွေကတော့ အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်တပ်ထဲမှာ လက်မခံဖို့ အမိန့်တော့ ထုတ်ထားတာပဲ။ ဒါပေမဲ့ စစ်တပ်က အောက်ခြေ ဝန်ထမ်းတွေမှာ သတ်မှတ်ပေးထားတဲ့ အရေအတွက်ရအောင် စစ်သားစုဆောင်းပေးရတဲ့ ပြဿနာက ရှိနေတယ်” ဟု ရန်ကုန်မှ ILO ဆက်ဆံရေးအရာရှိ စတိ(ဗ်) မာရှယ်က ဆိုသည်။

မာရှယ်က ဆက်ပြောရာတွင် တပ်ထဲမှ ထွက်ခွာသူသာ များနေပြီး တပ်ထဲဝင်ချင်သူ နည်းနေသဖြင့် တင်ရင်းမှူးများသည် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များမှ သတ်မှတ် ပေးထားသည့် အရေအတွက် ပြည့်မီရေးအတွက် အသည်းအသန် ကြိုးစားနေရသည်ဟု ဆိုသည်။

တပ်ရင်းမှူး တယောက်အနေဖြင့် စစ်တပ်ထဲသို့ ကလေးတယောက်ကို လက်ခံသွတ်သွင်းမိလျှင် ပြင်းပြင်းထန်ထန် သတိပေးခံရရုံနှင့် ငွေဒဏ်သာ ကျခံရမည် ဖြစ်သော်လည်း သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီအောင် စစ်သားမစုဆောင်းနိုင်လျှင်မူ ရာထူးချခြင်း ခံရနိုင်သည်ဟု ၂ဝဝ၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာတခုတွင် ဆိုသည်။

ထို့ကြောင့် အခကြေးငွေယူကာ စစ်သားရှာဖွေ စုဆောင်းပေးသည့် ပွဲစားများ ပေါ်ပေါက်လာပြီး ရဲတချို့လည်း ပါဝင်ပတ်သတ်မှှု ရှိနေသည်။ ကလေးတယောက် ရှာဖွေစုဆောင်းပေးလျှင် ငွေကျပ် သုံးသောင်းခန့် ပွဲစားအား ပေးရသည်ဟု မာရှယ်က ခန့်မှန်းထားသည်။

ဆင်းရဲနွမ်းပါးသော ကလေးများအား ငွေကြေး၊ အစားအသောက် စသည်တို့ဖြင့် မက်လုံးပေးကာ သွေးဆောင်ဖြားယောင်းရန် လွယ်ကူသဖြင့် ပွဲစားများက ပစ်မှတ် ထားလာကြပြီး ထိုကလေးငယ်များ အဖော်မပါပဲ တယောက်တည်း သွားလာနေသည့် အခါမျိုးတွင် လှည့်ဖျားခံရလေ့ ရှိသည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှှု အဖွဲ့ (HRW) က ဆိုသည်။ ကလေးစစ်သားများ၏ သုံးပုံတပုံသည် ထိုနည်းလမ်းများဖြင့် စစ်တပ်ထဲသို့ လှည့်ဖျားသွတ်သင်းခံထားရခြင်း ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ဆိုသည်။ အကယ်၍ ကလေးများက လှည့်ဖျားမှှုကို ငြင်းဆန်လျှင်လည်း စစ်ထဲမဝင်လျှင် အမှုဆင်ကာ ဖမ်းဆီးမည်ဟု စစ်သားစုဆောင်းသူများက ခြိမ်းခြောက်လေ့ရှိသည်။

“စစ်သားစုဆောင်းတဲ့ ပွဲစားတွေက ကလေးတွေကို ဝင်ငွေကောင်းတဲ့ အလုပ်တွေ ရှိတယ်ဆိုပြီး ညာကြတယ်။ ကလေးတွေကလည်း သူတို့ လက်ဖက်ရည်ဆိုင် ဒါမှမဟုတ် တနေရာရာမှာ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ အလုပ်ရမယ်ထင်ပြီး သွေးဆောင်တဲ့နောက် ပါသွားကြတယ်။ နောက်မှ တပ်ထဲရောက်သွားမှ သူတို့ အညာခံရမှန်း သိကြတယ်” ဟု မာရှယ်က ပြောသည်။

သူဇင်ဦးသည် အလုပ်ကောင်းကောင်းရမည်ဟု အာမခံသော ပွဲစား၏ စကားကို ယုံမိသည့်အတွက် ပွဲစားနှင့်အတူ လိုက်သွားခဲ့ပြီး ဒညင်းကုန်း စစ်သားစုဆောင်းရေး ဌာနသို့ ရောက်မှ သူအလိမ်ခံလိုက်ရပြီဆိုတာကို သိခဲ့သည်။ အချိန်တိုအတွင်း၌ပင် သူ့ဘဝသည် ထင်မှတ်မထားသည့် ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး သူသည် ကိုယ်ပိုင်အမှတ် ၄၂၇၄၃၈ ဖြင့် စစ်သားတဦး ဖြစ်လာခဲ့သည်။ ထိုနေ့ညတွင် သူသည် ဘဝတူ အခြားကလေးများနှင့်အတူ သော့ခတ်ထားသည့် ကားရထားဖြင့် ခေါ်ဆောင် သွားခြင်း ခံခဲ့ရသည်။

“အဲဒီ့တွဲထဲမှာ ကျနော်နဲ့ ရွယ်တူ ကလေး ၁ဝဝ လောက် ပါတယ်။ ကျနော်တို့ထွက်ပြေးမှာ စိုးလို့ အပေါ့အပါး သွားခွင့်လည်း မပေးဘူး။ အဲဒါကြောင့် ကျနော်တို့ထဲက တယောက် ကြမ်းပြင်ပေါ်မှာ သေးထွက်ကျ သွားတယ်။ သူ့ကို ရိုက်နှက်ပြီး အပြစ်ပေးကြတယ်” ဟု သူဇင်ဦးက ပြောပြသည်။ ထိုညတွင် သူတို့ကို မြောက်ဘက်ရှိ ပဲခူးတိုင်း တောင်ငူခရိုင်ရှိ ရေတာရှည် လေ့ကျင့်ရေး တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

လေ့ကျင့်ရေးကာလ ၁၈ ပတ် အတွင်းတွင် အထက်အရာရှိများက သူဇင်ဦးအား အနိုင်ကျင့်ကာ ကြံများ ဖြတ်ခိုင်းခြင်း၊ သယ်ခိုင်းခြင်း စသည့် အလုပ်ကြမ်းများကို လုပ်ခိုင်းခဲ့သည်။ သူ့ သူငယ်ချင်းတဦးဆိုလျှင် နိုင်ငံတော်သီချင်း ဆိုရာတွင် အသံတိုးသဖြင့် ခေါင်းကို ဝါးလုံးနှင့်ရိုက်ကာ ဆုံးမခံခဲ့ရသည်ဟု ဆိုသည်။

ကလေးစစ်သားအသုံးပြုမှု တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့၏ အစီရင်ခံစာတွင် ကလေးစစ်သားများသည် တိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက် ကြရပြီး၊ ပေါ်တာ၊ ကင်းထောက်၊ ကင်းစောင့်၊ ထောက်လှမ်းရေး လုပ်ငန်းများနှင့် ချက်ပြုတ်ခြင်းစသည့် အလုပ်များကိုပါ လုပ်ဆောင်ကြရလေ့ ရှိသည်ဟု ဆိုသည်။ စစ်တပ်မှ ထွက်ပြေးရန် ကြိုးစားသူများအားလည်း စစ်ပြေးအဖြစ် သတ်မှတ်ကာ ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးနိုင်သည်ဟု ဆိုသည်။

လေ့ကျင့်ရေးကာလ ပြီးဆုံးခါနီးတွင် သူဇင်ဦးသည် မိဘများနှင့် တွေ့ဆုံခွင့် ရခဲ့ပြီး သူစစ်တပ်တွင် မပျော်ရွှင်ဘဲ အိမ်ကိုသာ ပြန်လာချင်နေသည်ဟု မိဘများအား ပြောဆိုခဲ့သည်။ ထို့ကြောင့် သူ၏ မိဘများသည် ILO နှင့် ဆက်သွယ်၍ အကူအညီ တောင်းခံခဲ့ရာ ILO မှ သူဇင်ဦး၏ ကိစ္စကို စုံစမ်းဆောင်ရွက်ခဲ့ပြီး အသက်အရွယ် ကိုလည်း အတည်ပြုခဲ့သည်။ ILO ၏ ကူညီဆောင်ရွက်ပေးမှှုကြောင့် သူဇင်ဦးသည် ဇွန်လ ၈ ရက်နေ့က စစ်တပ်မှ ထွက်ခွာခွင့် ရခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီလမှ ယခုနှစ် ဧပြီလအတွင်း ILO သို့ တိုင်ကြားခဲ့သည့် ကလေးစစ်သား ကိစ္စပေါင်း ၁၂၈ ခုရှိခဲ့သည်ဟု သိရပြီး ၂ဝဝ၇ ဧပြီလမှ ၂ဝဝ၈ ဧပြီလအတွင်း တိုင်ကြားခဲ့ကြသည့် အရေအတွက် ၅ဝခု နှင့် နှိုင်းယှဉ်ကြည့်လျှင် ၂ ဆခွဲခန့် မြင့်တက်လာခြင်း ဖြစ်သည်။

“ကလေးစစ်သားကိစ္စ တိုင်ကြားလာမှုတွေ သိသိသာသာ မြင့်တက်လာပါတယ်။ အကောင်းဘက်ကနေ ကြည့်မယ်ဆိုရင်တော့ လူတွေဟာ ဥပဒေတွေ၊ အခွင့်အရေး တွေကို နားလည်လာကြပြီး ဒီလိုကိစ္စတွေကို တိုင်ရမှန်း သိလာကြပြီလို့ ထင်ပါတယ်” ဟု မာရှယ်က ပြောခဲ့သည်။

စစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများအား သတိပြုမိ လာစေရန် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ဟု မာရှယ်က ဆိုသည်။ စစ်အစိုးရသည် စစ်ဘက်ဆိုင်ရာ အရာရှိများအား လူ့အခွင့်အရေးနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပြီး ILO သည် အလုပ်သမား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဒေသတွင်း အာဏာပိုင်များအတွက် အလုပ်သမား အခွင့်အရေး သင်တန်းများ စီစဉ်ပို့ချပေးခဲ့သည်။

ဥပဒေကြောင်းအရ လူတဦး၏ ရပိုင်ခွင့်များနှင့် အကယ်၍ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရပါက မည်ကဲ့သို့ တိုင်ကြားရမည်ကို ရှင်းလင်းဖော်ပြထားသော လက်ကမ်း စာရွက် များကိုလည်း ယခုလမှ စတင်၍ အစိုးရခွင့်ပြုချက်ဖြင့် ဖြန့်ဝေနေကြသည်။

“အစိုးရနဲ့ ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင်နိုင်လို့ အခြေအနေတွေ တိုးတက်လာပါတယ်။ စစ်မှုထမ်းနေရတဲ့ ကလေးစစ်သားတွေ တပ်ထဲကနေ ထွက်ခွင့် ပိုရလာကြပါပြီ” ဟု  မာရှယ်က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) အနေဖြင့် တိုင်ကြားချက် ၃ ခုမှအပ ကျန်သော ကလေးစစ်သား အမှုအားလုံးတွင် ကလေးများ တပ်ထဲမှ ထွက်ခွင့်ရရှိရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုအမှု ၃ ခုအနက် တခုတွင် ကလေးတဦးအား ရှာဖွေဆောင်ရွက်နေဆဲဖြစ်ပြီး ကျန်အမှု ၂ ခုတွင် ကာယကံရှင်များ ကိုယ်တိုင်က စစ်တပ်ထဲတွင် ဆက်လက်အမှုထမ်းလိုနေသည်ဟု မာရှယ်က ဆိုသည်။

“မိဘတွေကလည်း သေချာတိုင်ကြားမယ်။ ကျနော်တို့အနေနဲ့လည်း ကလေးတွေ အသက်ကို အတည်ပြုနိုင်မယ်ဆိုရင် ကလေးတွေ တပ်ထဲက ထွက်ခွင့်ရဖို့ ကိစ္စကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါတယ်။ ဆောင်ရွက်ချက်တွေ အောင်မြင်တဲ့နှုန်း အရမ်းကို မြင့်ပါတယ်။ ကျနော့်အမြင်ကို ပြောရရင် ကျနော်တို့ဘက်က အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်မယ်ဆိုရင် အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အားရကျေနပ်စရာ ကောင်းပါတယ်” ဟု မာရှယ်က ပြောသည်။

အခြားတဖက်တွင်မူ ကလေး၏ အသက်ကို အတည်ပြုရန်အတွက် အထောက်အထားများ ရှာဖွေရသည်မှာ အလွန်ခက်သည်ဟု ဆိုသည်။ ထိုကဲ့သို မွေးသက္ကရာဇ် အထောက်အထား ရှာဖွေရသည်မှာ ရက်သတ္တပတ် အနည်းငယ်မှ လပေါင်းများစွာတိုင်အောင် ကြာမြင့်သွားနိုင်သည်ဟုလည်း ဆိုသည်။ စစ်မှုထမ်းနေရသည့် ကလေး အသက် ၁၈ နှစ် မပြည့်သေးကြောင်း သက်သေပြရန်အတွက် ILO သည် တရားဝင် အထောက်အထား စာရွက်စာတမ်းများ လိုအပ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ တရားဝင် မွေးစာရင်းလက်မှတ် မရှိကြတာ များတယ်။ ပြီးတော့ ဆင်းရဲတဲ့ မိသားစုတွေမှာ ကလေးတွေကို ကျောင်းမထားကြတာများတော့ အသက် အမှန် တွေကို တရားဝင် သက်သေပြဖို့ ခက်တယ်” ဟု မာရှယ်က အခက်အခဲများကို ပြောပြသည်။

မာရှယ်က သူ၏ ထင်မြင်ချက်ကို ဆက်လက်ပြောပြရာတွင် မြန်မာနိုင်ငံသား တော်တော်များများသည် ကလေးစစ်သားကိစ္စကို ဖြစ်ရိုးဖြစ်စဉ်အဖြစ် ယူဆထားကြပြီး တစုံတရာ ဆောင်ရွက်လိုစိတ် မရှိကြဟု ဆိုခဲ့သည်။ ကလေးများ စစ်ထဲသို့ သွတ်သွင်းခံနေရသည့် ကိစ္စကို မှားမှန်းသိသူများကလည်း အာဏာပိုင်များအား ထိုကိစ္စကို ထောက်ပြရန် မဝံ့မရဲ ဖြစ်နေကြသည်ဟု မာရှယ်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) (HREIB) မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောကြားရာတွင် ကလေးစစ်သားကိစ္စများ တိုင်ကြားမိလျှင် အရေးယူခံရမည်ကို စိုးရိမ်နေကြသည့်အတွက် ILO သို့ တိုင်ကြားသည့် အမှုအရေအတွက်မှာ အမှန်တကယ် ဖြစ်ပွားနေသည့် အရေအတွက်ထက် များစွာ လျော့နည်းနေသည်ဟု ဆိုသည်။ သူက ကလေးစစ်သားကိစ္စများအား တိုင်ကြားခဲ့ကြသူ တချို့ အာဏာပိုင်များ၏ အဖမ်းခံခဲ့ရ၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများ ခံခဲ့ရသည့် အတိတ်က ဥပမာများကို ရည်ညွှန်းပြောဆိုခဲ့သည်။

“ILO က ဆောင်ရွက်ပေးတဲ့ ကလေးစစ်သားအမှုတွေ အားလုံးလိုလို အောင်မြင်သွားတယ် ဆိုပေမယ့် ILO ကို ရောက်မလာတဲ့ အမှုတွေ ရာပေါင်းများစွာ ရှိနေပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

သူက သူ၏ အမြင်ကို ဆက်လက်ပြောပြရာတွင် စစ်အစိုးရ၏ ကလေးစစ်သားကိစ္စ ဖြေရှင်းမှုများသည် လူကြားကောင်းအောင် ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်ဟု ဆိုသည်။

“ကလေးစစ်သားတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ သူတို့ မျက်နှာ မပျက်ချင်တော့ဘူးလေ။ တကယ်လို့ သူတို့ တကယ်ပပျောက်အောင် လုပ်ချင်ရင် သူတို့ အမိန့်ပေးတဲ့အတိုင်း လိုက်လုပ်မယ့် စစ်တပ်ပဲ။ သူတို့စစ်တပ်ကို သူတို့ လူကြားကောင်းရုံသက်သက် အပြစ်တင်နေရုံလေးနဲ့တော့ မလုံလောက်ပါဘူး။ သူတို့မှာ ကလေးစစ်သား ခန့်ထားတာတွေကို တားမြစ်နိုင်တဲ့ အာဏာတွေ၊ အဲလို ကလေးစစ်သား ခန့်ထားတဲ့ သူတွေကို အရေးယူနိုင်တဲ့ အာဏာတွေ ရှိနေတာပဲ” ဟု ဦးအောင်မျိုးမင်းက ဝေဖန်ပြောဆိုခဲ့သည်။

Most read this week