ဆိုင်ကယ် တစီး လိုင်စင်သုံးခု လုပ်ရ သဖြင့် ဆိုင်ကယ်ပိုင်ရှင်များ အခက်ကြံု

ဆိုင်ကယ် တစီး လိုင်စင်သုံးခု လုပ်ရ သဖြင့် ဆိုင်ကယ်ပိုင်ရှင်များ အခက်ကြံု
by -
မောင်ရမ္မာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မော်တော် ဆိုင်ကယ် ပိုင်ရှင်များ အနေဖြင့် ဆိုင်ကယ် တစီး အတွက် လိုင်စင် သုံးမျိုး လုပ်နေရသဖြင့် ဆိုင်ကယ် ပိုင်ရှင်များ အခက် ကြံုနေရ...

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မော်တော် ဆိုင်ကယ် ပိုင်ရှင်များ အနေဖြင့် ဆိုင်ကယ် တစီး အတွက် လိုင်စင် သုံးမျိုး လုပ်နေရသဖြင့် ဆိုင်ကယ် ပိုင်ရှင်များ အခက် ကြံုနေရသည်ဟု သိရသည်။

ဆိုင်ကယ် ပိုင်ရှင် တဦးက “ ဆိုင်ကယ် တစ်စီး အတွက် အခုအခါ လိုင်စင် သုံးခု မလုပ်မနေရ လုပ်နေကြရပါတယ်။ ဆိုင်ကယ်လိုင်စင်၊ မောင်းလိုင်စင်နဲ့ လူစီး လိုင်စင်ဆိုပြီး သုံးခု လုပ်ရပါတယ်။ ဆိုင်ကယ် မောင်းတဲ့ လိုင်စင်ကိုလဲ ပိုင်ရှင်ကဘဲလုပ်လို့ရတယ်။ နောက်ပြီးတော့ လူစီးလိုင်စင်ဆိုပြီး တခါ လုပ်ရတယ်။” ဟု ပြောသည်။

ဆိုင်ကယ် မောင်းလိုင်စင်မှာ ဆိုင်ကယ်မောင်းမည့် သူ အတွက် ဖြစ်ပြီး လူစီးလိုင်စင်ဆိုသည်မှာ မောင်းသူ နောက်က လိုက်ပါမည့် သူအတွက် ဖြစ်ကြောင်း သိရသည်။

လိုင်စင်လုပ်ခမှာ ဆိုင်ကယ် လိုင်စင်ကို ကျပ်ငွေ သုံးသိန်းခွဲ၊ ဆိုင်ကယ် မောင်းလိုင်စင်ကို ကျပ်ငွေ ၈၅၀၀၀ နှင့် လူစီးလိုင်စင်ကို ကျပ်ငွေ ၈၂၀၀ နှုန်းဖြင့် လုပ်ကိုင်နေရ သည်ဟု သိရသည်။

အဆိုပါ လိုင်စင်များကို ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ကညန နှင့် ယာဉ်ထိမ်းရဲအဖွဲ့က ပူးတွဲလုပ်ဆောင် နေခြင်းဖြစ်သည်။

“ခုလို လိုင်စင် သုံးမျိုးကို မလုပ်ဘူးဆိုရင် ဆိုင်ကယ် လိုင်စင် ရှိပေမယ့် မောင်းလိုင်စင် မရှိတဲ့ အတွက် မောင်းလို့ မရဘူး။ လူစီး လိုင်စင် မလုပ်ရင် နောက်က လူ မတင်ရဘူး။ တယောက်တည်းဘဲ စီးရမယ်။ အဲဒါတွေကြောင့် ဆိုင်ကယ် ပိုင်ရှင်တွေက ဆိုင်ကယ် တစီး အတွက် လိုင်စင် သုံးခုစီ လုပ်နေရပါတယ်။”

၎င်းပြင် သူက “ အယင်က ဆိုင်ကယ် လိုင်စင်တစ်ခုဘဲ လုပ်ရ တယ်။ မောင်းလိုင်စင်တို့။ လူစီး လိုင်စင်တို့ ဆိုတာ လုပ်စရာ မလိုပါဘူး။ သူတို့ပြောတာကတော့ တောင်ကုတ်မှာ မကြာခဏ ဆိုင်ကယ် တိုက်မှု တွေဖြစ်ပြီး အသေအပျောက်တွေ များ နေတာကြောင့် ဆိုင်ကယ်တွေကို စနစ်တကျဖြစ်အောင် ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောပါတယ်” ဟု ဆက်ပြောသည်။

ယခုကဲ့သို့ လိုင်စင်များပြုလုပ်ခြင်းကို လွန်ခဲ့သည့် မေလမှ စတင် လုပ်ကိုင်နေသော်လည်း ပြည်သူများမှာ စီးပွားရေး အကျပ်အတည်း ကြောင့် ယခုအချိန်ထိ လိုင်စင်လုပ်သူ အလွန်နည်းပါးနေကြောင်း သိရသည်။

အလားတူ လွန်ခဲသည့်နှစ်က စစ်တွေတွင် ကုန်းလမ်းပို့ဆောင်ရေး ကညနမှ မော်တော်ဆိုင်ကယ်များ၏ ယခင် နံပါတ်ကဒ်ပြား အဝိုင်း များကို ဖျမ်းသိမ်းပြီး သုံးထောင့် ကဒ်ပြားအသစ်များ ထုတ်ပေး ရာတွင် ဆိုင်ကယ်တစီးစီမှ ကျပ်ငွေ ၆၁၅၀၀ စီ ကောက်ခံ ခဲ့သည် ဟု သိရသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်တွင် မော်တော် ဆိုင်ကယ် များကို မလုပ်မနေရ တစ်နို်င်ငံလုံးသွား လာနိုင် သည့် (၁၈/ယ) ထုတ်ပေးခဲ့ပြီးနောက် တရုတ်နှင့် ထိုင်းနိုင်ငံလုပ် မော်တော် ဆိုင်ကယ်များကို မော်ဒယ် အလိုက် ကျပ်ငွေ ၃သိန်းမှ ၆ သိန်းအထိ ကညန သို့ လိုင်စင်ကြေးပေးသွင်းခဲ့ရသည်ဟု သိရှိရသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ အသုံးအများဆုံးဆိုင်ကယ်များမှာ တရုတ်နှင့် ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် မိန်းမစီ ဆိုင်ကယ်များ ဖြစ်သည်ဟု သိရသည်။

Most read this week