မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် တံဆိပ်တုံးများကို ကျေးရွာကော်မရှင်သို့ ရောင်းချပြီး ဝင်ငွေရှာ

မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် တံဆိပ်တုံးများကို ကျေးရွာကော်မရှင်သို့ ရောင်းချပြီး ဝင်ငွေရှာ
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးသည် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌများအား တံဆိပ်တုံးများကို စျေးအများဖြင့် ရောင်းချပြီး ရံပုံငွေ ရှာဖွေ...

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးသည် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌများအား တံဆိပ်တုံးများကို စျေးအများဖြင့် ရောင်းချပြီး ရံပုံငွေ ရှာဖွေ နေကြောင်း သိရသည်။

အဆိုပါ အတွင်းရေးမှူး ဦးလှရွှေသည် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌများတွင် အသုံးပြုမည့် တံဆိပ်တုံး တခုကို ကျပ်ငွေ ၅၀၀၀ စီဖြင့် ရောင်းချ နေကြောင်း အမည်မဖေါ်လိုသူ ကျေးရွာ ကော်မရှင် ဥက္ကဌ တဦးက ပြောသည်။

“တံဆိပ်တုံးက အကြီးတတုံး၊ အငယ် တတုံးဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် တံဆိပ်ပါတဲ့ ရော်ဘာ တံဆိပ်တုံး တခုနဲ့ ဥက္ကဌ လက်မှတ်ထိုးမယ့်နေရာမှာ သုံးမယ့် တံဆိပ်တုံးတခု စုစုပေါင်း ၂ ခုဖြစ်ပါတယ်။ တခုကို ၅၀၀၀ ကျပ်စီနဲ့ ရောင်းချ ပေးနေတာ ဖြစ်ပါတယ်။”

၎င်းတံဆိပ်တုံး စျေးနှုန်းများမှာ စျေးများ သောကြောင့် ကော်မရှင် ဥက္ကဌများ အနေဖြင့် မဝယ်လို ကြကြောင်း တခြား ကျေးရွာ ကော်မရှင် ဥက္ကဌ တဦးက ဆိုသည်။

“တံဆိပ်တုံးတခုကို ၅၀၀၀ ဆိုတော့ စျေးက များတာပေါ့ဗျာ။ ပြီးတော့ တံဆိပ်တုံးတွေအတွက် ဗဟိုက ထုတ်ပေးမယ်ဆိုတဲ့ ငွေကလည်း မရသေးဘူး။ ဘယ်လောက် ပေးမယ်ဆိုတာလဲ အတိကျမသိဘူး။ အခု တတုံးကို ၅၀၀၀ စီ တောင်းတာက သိပ်များပါတယ်။ ဒါက တံဆိပ်တုံးတွေကို ပြပြီးတော့ ကိုယ်ကျိုး ဝင်ငွေရှာ နေတာ ဖြစ်ပါတယ်။ ဘယ် ကော်မရှင် ဥက္ကဌမှ မဝယ်ချင်ကြပါဘူး။ မဝယ်သေးတဲ့ သူတွေများပါတယ်။ တကယ်လို့ ဝယ်လိုက်လို့ရှိရင် ဗဟိုကငွေ မပေးတော့ဘူးဆိုရင် ကိုယ့်အိပ်က စိုက်ရမှာပေါ့။ ”

ယခုအခါတွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်ဥက္ကဌများမှာ မဝယ်လျှင်လည်းအခက် ဝယ်လျှင်လည်းအခက် ဒွိဟစိတ်ဖြင့် အခက်ကြံုနေကြကြောင်း သူက ဆက်ပြောသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့တွင် ရပ်ကွက်/ကျေးရွာထဲမှ သင့်တော်သူ တဦးကို ကျေးရွာ ကော်မရှင် ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်ပြီး ရယက စာရေးမှာ အတွင်းရေမှူး ဖြစ်ပြီး ကျန်ရယက အဖွဲ့ဝင် တဦးမှာ ကော်မရှင် အဖွဲ့ဝင် ဖြစ်သည်။

မောင်တောမြို့တွင် ရွေးကောက်ပွဲ ကော်မရှင်သင်တန်းကို လွန်ခဲ့သော ဇွန်လ ၆ရက်နေ့က မောင်တောမြို့တွင် ပြုလုပ်ခဲ့သည်။

Most read this week