ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျခံနေရသည့် ၂ဝဝ၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် ဒီငြိမ်းလင်းသည် စစ်ကိုင်းတိုင်း မုံရွာထောင်တွင် မျက်စိဝေဒနာ ကုသနေကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
၂ဝဝ၇ မျိုးဆက် ဗကသ ခေါင်းဆောင် ကိုဒီငြိမ်းလင်းသည် ယခုလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း ခန္တီးထောင်မှ မုံရွာထောင်သို့ ရောက်ရှိလာကာ ပြင်ပ မျက်စိ အထူးကု ဆေးခန်း၌ ယမန်နေ့မှ စတင်ကာ ကုသမှု ခံယူနေရခြင်း ဖြစ်သည်။
“မနေ့တုန်းက သူ့အတွက် လိုအပ်တဲ့ ဆေးတွေနဲ့ မျက်မှန်ကို လုပ်ပေးလိုက်တယ်’’ ဟု အဒေါ်ဖြစ်သူ ဒေါ်နီလာမင်းက မဇ္စျိမကို ပြောသည်။
မျက်စိဝေဒနာကုသရန်အတွက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးက ညွှန်ကြားသဖြင့် မုံရွာထောင်သို့ ခေါ်ဆောင်လာခြင်းဖြစ်ပြီး၊ ကုသမှုခံယူပြီးပါက မည်သည့် ထောင်တွင် ဆက်လက်ထားရှိမည်ကိုမူ မသိရသေးပါ။
ယနေ့နံနက် ၁ဝ နာရီခန့်မှ ၁ဝ နာရီ ၄၅ မိနစ်ခန့်အထိ ထောင်ဝင်စာတွေ့ခွင့် ရရှိခဲ့ရာ ထောင်အာဏာပိုင်များနှင့် အထူးရဲသတင်း တပ်ဖွဲ့ဝင်များက ဂရုတစိုက် ထားရှိကြောင်း ကိုဒီငြိမ်းလင်းက အဒေါ်ဖြစ်သူကို ပြောဆိုခဲ့သည်။
ကိုဒီငြိမ်းလင်းသည် ခန္တီးထောင်ထဲတွင် ကျောက်ကပ်ရောဂါ စွဲကပ်ခဲ့ရာ ပြင်ပဆေးခန်းတွင် ဆေးဝါးကုသခွင့် ရရှိခဲ့သော်လည်း ဓာတ်မှန်ရိုက်၍ စစ်ဆေးမှုများ ခံယူရန် လိုအပ်နေကြောင်းနှင့် မုံရွာမြို့၌ပင် ဆက်လက်ကုသခွင့် ရရှိရန် ထောင်အာဏာပိုင်များထံ တောင်းဆိုထားကြောင်း သိရသည်။
၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာတော်များ ဆုတောင်းမေတ္တာပို့ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် သူ့ကို နိုင်ငံတော် လုံခြံုရေး ထိခိုက်စေမှု ၅ဝ၅ (ခ)၊ မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ အပါအဝင် ပုဒ်မ ၆ ခုဖြင့် ထောင်ဒဏ် ၁၅ နှစ်ခွဲ ချမှတ်ထားသည်။
သူ၏ ဖခင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဇော်ဇော်မင်းသည်လည်း ပြီးခဲ့သည်လ ၁၂ ရက်နေ့က အစာအိမ်ဝေဒနာနှင့် အသည်းရောဂါအတွက် ပဲခူးတိုင်း ထောင်ငူထောင်ဆေးရုံတွင် ကုသမှုခံယူခဲ့ရာမှ ယခုအခါ ပြန်လည်သက်သာနေပြီဖြစ်ကြောင်း ဦးဇော်ဇော်မင်း၏ ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးဝင်းက မဇ္စျိမကို ပြောသည်။
အလားတူ ခန္တီးထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်သည် မျက်စိဝေဒနာ ခံစားနေရသဖြင့် ဆေးဝါးကုသမှု အလျင်အမြန် လိုအပ်နေကြောင်း မကြာသေးခင်က ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်များ အဆိုအရ သိရသည်။
ခန္တီးထောင်တွင် ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် ဗိုလ်ချုပ်ဆေထင်၊ ကုန်စျေးနှုန်းကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော်၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးနှင့် နိုင်ငံရေးအကျဉ်းသူ မထားထားသက်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား အများအပြား ရှိနေသည်။
လက်ရှိ ၂၂ နှစ်အရွယ် ကိုဒီငြိမ်းလင်းသည် ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် ဗကသ ခေါင်းဆောင်မှုပိုင်းကို ပြန်ဖွဲ့ရာ၌ ပါဝင်ဦးဆောင်ခဲ့သည်။ သူသည် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်တွင် ဘူမိဗေဒ နောက်ဆုံးနှစ် တက်ရောက်ခဲ့ပြီး၊ အာဏာပိုင်များ၏ အဖမ်းအဆီးကို တိမ်းရှောင်နေရင်း ၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်ရှိ ပါရမီတိုက်ခန်းတခုတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
ဗကသ သည် စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသော်လည်း၊ စစ်အစိုးရများလက်ထက် တရားဝင် ဖွဲ့စည်းခွင့် မရသောကြောင့် မြေအောက်လှုပ်ရှားမှုဖြင့် ရပ်တည် လှုပ်ရှားနေသော ကျောင်းသားအဖွဲ့အစည်း ဖြစ်သည်။