ကမ္ဘာ့ဖလားကြောင့် ထီလက်မှတ် ရောင်းအားကျ

ကမ္ဘာ့ဖလားကြောင့် ထီလက်မှတ် ရောင်းအားကျ
by -
ဆလိုင်း ဟံသာစန်း
ကမ္ဘာ့ဖလားပွဲကာလ ထီလက်မှတ်များ ရောင်းအားကျလာရာမှ ရန်ကုန်ရှိ ထီဆိုင်အများစုသည် ပြီးခဲ့သည့်တပတ်မှ စတင်ကာ အစိုးရထံမှ ဝယ်ရင်းစျေးနှုန်းအတိုင်း ရောင်းချ...

ကမ္ဘာ့ဖလားပွဲကာလ ထီလက်မှတ်များ ရောင်းအားကျလာရာမှ ရန်ကုန်ရှိ ထီဆိုင်အများစုသည် ပြီးခဲ့သည့်တပတ်မှ စတင်ကာ အစိုးရထံမှ ဝယ်ရင်းစျေးနှုန်းအတိုင်း ရောင်းချနေရသည်။

ရန်ကုန်မြို့ခံများအကြား ကမ္ဘာ့ဖလားဘောလုံးပွဲကို စိတ်ဝင်စားခြင်းနှင့် မိုးရာသီဖြစ်သောကြောင့် ထီရောင်းအား ကျဆင်းခဲ့ရာမှ အရှုံးပေါ်မည်ကို စိုးရိမ်သောကြောင့် မူလဝယ်ရင်း စျေးနှုန်းဖြင့် ရောင်းချရကြောင်း ထီဆိုင်များအဆိုအရ သိရခြင်း ဖြစ်သည်။

“အစိုးရဆီက ယူတဲ့စျေးရင်းအတိုင်း ချရောင်းနေတယ်။ အရောင်းပါးလို့လေ။ ကမ္ဘာ့ဖလားကလည်းရှိ၊ မိုးကလည်း အေးတဲ့အတွက် ထင်ပါတယ်” ဟု ကျောက်တံတား မြို့နယ်ရှိ ပင်ရင်းထီအရောင်းဆိုင်တခုမှ အရောင်းမန်နေဂျာက မဇ္စျိမကို ပြောသည်။

တာမွေမြို့နယ်မှ ထီပင်ရင်းဆိုင်ပိုင်ရှင်တဦးကလည်း  “ရောင်းအားကျတော့ အထူးမင်္ဂလာစုံတွဲ၊ ၁ဝ စောင်တွဲ စျေးနှုန်းတွေကို အရင်ထက် ၄ဝဝ ၊ ၅ဝဝ လောက် စျေးလျှော့ရောင်းတယ်။ အဲဒါတောင် ဒီလက ထီလက်ကျန်တွေ ပိုများနေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တခုတည်းသော အစိုးရ ထီလက်မှတ်အရောင်းဌာနမှာ ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းတွင် တည်ရှိပြီး ၁၁ စောင်တွဲ ထီတအုပ်လျှင် ၂ဝဝဝ ကျပ် စျေးနှုန်းဖြင့် ထီဆိုင်များကို လက္ကားရောင်းချပေးနေသည်။

ထီရုံးမှ ဝယ်ယူခဲ့သော လက်မှတ်များကို ထီဆိုင်များက နံပါတ်၊ အက္ခရာစီစဉ်၍ အထူးမင်္ဂလာစုံတွဲ၊ ၁ဝ စောင်တွဲ၊ ၅ စောင်တွဲ၊ ၂ စောင်တွဲနှင့် တစောင်ချင်းစီ အသီးသီးရောင်းချသည်။

ဆိုင်များက ပုံမှန်ရောင်းချသည့် စျေးနှုန်းမှာ ထီ ၁ စောင်လျှင် ၂၅ဝ ကျပ်၊ ၁ဝ စောင်တွဲ ၂၅ဝဝ ကျပ်နှင့် ၂၃ စောင်ပါ အထူးမင်္ဂလာစုံတွဲတို့ကို ၅ဝဝဝ ကျပ်နှုန်းဖြင့် ရောင်းချရာမှ အရောင်းပါးသဖြင့် ၁ စောင်ချင်း ၂ဝဝ ကျပ်၊ ၁ဝ စောင်တွဲ ၂ဝဝဝ ကျပ်နှင့် မင်္ဂလာစုံတွဲတကဒ် ၄၅ဝဝ ကျပ်သို့ စျေးလျှော့ရောင်းချခြင်း ဖြစ်သည်။

စစ်အစိုးရသည် ထီလက်မှတ်ရောင်းချရာမှ လစဉ်ရရှိသော ငွေ၏ ၆ဝ ရာခိုင်နှုန်းကို ထီဆုကြေးအဖြစ် အသုံးပြုပြီး ၄ဝ ရာခိုင်နှုန်းကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းယူသည်။

က၊ ခ စသည့် အောင်ဘာလေထီ အက္ခရာတလုံးတွင် ထီစာအုပ် ၈ သောင်း ၂ ထောင်နီးပါး ပါရှိပြီး လစဉ်ရိုက်ထုတ်သည့် ထီစောင်ရေမှာ သိန်း ၂၇ဝ ခန့်ရှိကြောင်း ထီရောင်းသက်တမ်း နှစ် ၅ဝ ကျော်ရှိ ထီကျွမ်းကျင်သူတဦးက ဆိုသည်။

ထီပေါက်သည့် ဆုငွေများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲတွင် ထုတ်ယူရပြီး ထီပေါက်သူများကိုယ်စား ထီဆိုင်များက ထုတ်ပေးလေ့ရှိသည်။

လတလ၏ ပထမဆုံးရက်တွင် ဖွင့်လေ့ရှိသော အောင်ဘာလေဆုများကို တနှစ်အတွင်း လက်မှတ်ပြသ၍ ထုတ်ယူခြင်း မရှိပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသည်။

“အခုလို ရောင်းအားကျ၊ အရင်းစျေးနဲ့ ရောင်းတဲ့အခါ ဝန်ထမ်းလခ၊ ဆိုင်အသုံးစရိတ်တွေ မကာမိဘူး။ အခြေအနေ မကောင်းပေမယ့်လည်း တခြားလုပ်စရာမရှိတော့ ပေလုပ်နေရတာပဲ” ဟု ပန်းဘဲတန်းမြို့နယ်ရှိ ထီပင်ရင်း ဆိုင်ရှင်တဦးက ပြောသည်။

စစ်အစိုးရသည် ၁၉၈၈ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အထိ ထီလက်မှတ်စျေးနှုန်းများကို ၅ ကြိမ်တိုင်တိုင် တိုးမြှင့်သတ်မှတ်ခဲ့သည်။

၁၉၈၈ ခုနှစ် မတိုင်မီ ထီတစောင် ၂ ကျပ်နှုန်းဖြစ်ပြီး အမြင့်ဆုံးဆုမှာ ကျပ် ၁ သိန်း ဖြစ်သည်။ ယင်းစျေးနှုန်းကို ၁၉၈၈ ခု ဒီဇင်ဘာလ ၂ဝ ရက်နေ့မှစတင်ကာ တစောင် ၅ ကျပ်နှင့် အမြင့်ဆုံးဆုငွေကို ကျပ် ၅ သိန်းသို့ တိုးမြှင့်ခဲ့သည်။

၁၉၉၁ ခုနှစ် ဧပြီလတွင် ထီတစောင် ၁ဝ ကျပ်နှင့် အမြင့်ဆုံးဆုငွေကို ကျပ် ၁ဝ သိန်း၊ ၁၉၉၈ ဒီဇင်ဘာလတွင် ၁ဝ ကျပ်မှ ၅ဝ ကျပ်သို့ တိုးမြှင့်ကာ ဆုငွေကို အမြင့်ဆုံး ကျပ်သိန်း ၃ဝဝ၊ ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလတွင် ထီတစောင်လျှင် ၁ဝဝ ကျပ်နှင့် ကျပ် သိန်း ၅ဝဝ သို့ ပြောင်းလဲခဲ့သည်။

ထီလက်မှတ်စျေးနှုန်း နောက်ဆုံးပြောင်းလဲမှုမှာ ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင်ဖြစ်ပြီး ကျပ် ၁၀၀ မှ ကျပ် ၂၀၀ သို့ တိုးမြင့်ခဲ့ပြီး ဆုငွေအမြင့်ဆုံး ကျပ်သိန်း ၁ ထောင်သို့ တိုးမြင့် သတ်မှတ်ခဲ့သည်။

Most read this week