မြန်မာ့ သစ်တောဌာနမှ ဆင်ဖြူတကောင်ကို မောင်တောနယ်တွင် ဖမ်းဆီးရမိ

မြန်မာ့ သစ်တောဌာနမှ ဆင်ဖြူတကောင်ကို မောင်တောနယ်တွင် ဖမ်းဆီးရမိ
by -
ခိုင်ခိုင်ဇံ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရှားပါး ဆင်ဖြူ တကောင်ကို မြန်မာ့သစ်တောဌာနမှ လွန်ခဲ့သော တနင်္ဂနွေနေ့က ဖမ်းဆီးရမိ....

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရှားပါး ဆင်ဖြူ တကောင်ကို မြန်မာ့သစ်တောဌာနမှ လွန်ခဲ့သော တနင်္ဂနွေနေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါ ဆင်ဖြူကို မောင်တောမြို့နယ် ဖက်ဝပ်ချောင်း ကျေးရွာအနီး မေယုတောင်တန်းတွင် သစ်တောဌာန လက်အောက်ခံ ဆင်ဖမ်း အဖွဲ့မှ ကျေးရွာသားများ၏ အကူအညီဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မျက်မြင် ကျေးရွာသား တဦးက “ ဆင်က သိပ်မကြီးသေးဘူး။ အဖြူရောင်ပါ။ ဒါပေမယ့် သိပ်ပြီး ဖြူနေတာတော့ မဟုတ်ဘူး။ အဖြူရောင် ဖျော့ဖျော့ရှိပါတယ်။ အခု ဆင်ကို ငါးခူရ နစက စခန်းကို ယူသွားပါပြီ။ အဲဒီကတဆင့် ခုနှစ်ရက် အကြာမှာ နေပြည်တော်ကို ယူသွားမယ်လို့ သိရပါတယ်” ဟု ပြောသည်။

အဆိုပါ ဆင်ကို ငါးခူရတွင် ခုနှစ်ရက်ကြာ လေ့ကျင့်ထိန်းသိမ်းပြီး ၎င်းနောက်ပိုင်း မောင်တောကို ယူဆောင်မည် ဖြစ်ကာ မောင်တောကတဆင့် နေပြည်တော်ကို ယူဆောင်မည် ဖြစ်သည်။

၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်အတွင်းကလည်း ရသေ့တောင်မြို့နယ် မေယူတောင်တန်းမှ ဆင်ဖြူ နှစ်ကောင်ကို ဖမ်းဆီးရမိပြီး ယခုအခါ ရန်ကုန်တွင် ထားရှိကြောင်း သိရသည်။

ဆင်ဖြူပိုင်လျှင် တိုင်းပြည်ကို အုပ်ချုပ်သူ မင်း၊ အစိုးရကို ဘုန်းတန်ခိုး ထက်စေသည် ဟူသော အယူအဆမှာ မြန်မာဘုရင်လက်ထက်များကတည်းက ရှိခဲ့သော အယူအဆ ဖြစ်ပြီး ယခုလက်ရှိ နအဖ စစ်အစိုးရမှလည်း အဆိုပါ အယူအဆကို လက်ခံယုံကြည်ထားသဖြင့် ရခိုင်တောတောင်များတွင် ဆင်ဖြူများကို နအဖ စစ်အာဏာပိုင်များက လိုက်လံရှာဖွေဖမ်းဆီးနေခြင်း ဖြစ်သည်။

ဆင်ဖြူ ဖမ်းဆီးရာတွင် ပါ၀င်ခဲ့သူ ကျေးရွာသားများကိုလည်း ယခုအခါ နအဖ စစ်အစိုးရ အာဏာပိုင်များမှ ဆုငွေများ ပေးကမ်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

Most read this week