ရန်ကုန်တွင် ၂၄ နာရီ လျှပ်စစ်မီး ပေးတော့မည်

ရန်ကုန်တွင် ၂၄ နာရီ လျှပ်စစ်မီး ပေးတော့မည်
by -
ညိမ်းသူ
ရန်ကုန်တွင် လာမည့်လဆန်းမှ စတင်၍ လျှပ်စစ်မီး ၂၄ နာရီပေးမည်ဟု မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့ အကြီးတန်းအရာရှိတဦး အဆိုအရ သိရ...

ရန်ကုန်တွင် လာမည့်လဆန်းမှ စတင်၍ လျှပ်စစ်မီး ၂၄ နာရီပေးမည်ဟု မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့ အကြီးတန်းအရာရှိတဦး အဆိုအရ သိရသည်။

ယင်းသို့ ၂၄ နာရီမီးပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားထားကာ ယင်းအတွက် ဇူလိုင်လကို သတ်မှတ်ကြောင်း သိရခြင်း ဖြစ်သည်။

’’ရွေးကောက်ပွဲကလည်း အားလုံး ကြားထားတဲ့အတိုင်းပဲ အောက်တိုဘာလို့ အကြမ်းအားဖြင့် သိထားပါတယ်။ ဒါက ပြောနေကြတာ အပြင်မှာလည်း ပြန့်နေပါပြီ။ အဲဒီအခါကျတော့ အစိုးရက ဖွဲ့ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မဲရရှိဖို့အတွက် ၂၄ နာရီ မီးပေးဖို့ ကိစ္စကို လုပ်တာလို့ ထင်မိတယ်’’ ဟု အကြီးတန်း အရာရှိက ပြောသည်။

လက်ရှိတွင် ရန်ကုန်ရှိ ၄၅ မြို့နယ်တွင် မီးပေးချိန်ကို ပြီးခဲ့သည့်ဇွန်လ ၁၂ ရက်နေ့က စတင်ကာ ပြောင်းလဲထားရာ ယခင်ထက် ၆ နာရီ တိုးပေးထားသည့်အတွက် စုစုပေါင်း တနေ့လျှင် ၁၂ နာရီ ရရှိနေကြသည်။ အချို့မြို့နယ်များတွင် ၁၂ နာရီထက်ပိုကာ ရရှိကြသည်။

စမ်းချောင်းမြို့နယ်တွင်မူ တနေ့လျှင် ၁၈ နာရီခန့် မီးရရှိကြောင်း ၎င်းမြို့နယ် လက်ဆောင်ကုန်း (မြောက်) ရပ်ကွက်သားတဦးက ပြောသည်။

ရန်ကုန်မြို့အတွက် လိုအပ်သော မဂ္ဂါဝပ်မှာ ၆၈ဝ ခန့်ရှိသည့်အနက် ယခုပေးနေသော မဂ္ဂါဝပ်မှာ ၄၅ဝ ခန့် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေးအဖွဲ့၏ စာရင်းများအရ သိရသည်။

လက်ရှိပေးဝေမှုမှာ ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့က ထုတ်လွှတ်သော ဓာတ်အားတို့ကို ၂ ခုပေါင်းကာ မဟာဓာတ်အားလိုင်းဖြင့် ပေးနေသည်ဟု ယင်းအကြီးတန်းအရာရှိက ပြောသည်။

လက်ရှိတွင် မြန်မာတနိုင်ငံလုံးအတွက် လျှပ်စစ်ထုတ်ဝေပေးနိုင်မှုမှာ ၆ဝဝ မဂ္ဂါဝပ်ကျော်သာ ရှိသေးသော်လည်း ရန်ကုန်အတွင်း လျှပ်စစ်ဓာတ်အားပေးမှုမှာ မဂ္ဂါဝပ် ၄၅ဝ ခန့် ရှိနေခြင်း ဖြစ်သည်။

လာမည့်လတွင် မြန်မာတနိုင်ငံလုံးအတွက် မဂ္ဂါဝပ် ၉ဝဝ ကျော် ထုတ်လုပ်နိုင်တော့မည်ဖြစ်သဖြင့် ရန်ကုန်ကို ၂၄ နာရီ မီးပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်ကို ၂၄ နာရီ မီးပေးသည့်အချိန်တွင် ရန်ကုန်ရှိ စက်မှုဇုန်များကို တနေ့လျှင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ မီးပေးသွားမည်ဟုလည်း အမည်ဖော်လိုသူ အရာရှိကြီးက ပြောသည်။

ယခုလ ၁၆ ရက်နေ့မှ စတင်ကာ စက်မှုဇုန်များကို တနေ့လျှင် ၅ နာရီ မီးပေးလျက်ရှိကာ၊ ရန်ကုန်တွင် စက်မှုဇုန် ၁၉ ဇုန်ရှိပြီး ယင်းစက်မှုဇုန်များ လျှပ်စစ်မီး သုံးစွဲမှုမှာ မဂ္ဂါဝပ် ၉ဝ နီးပါးရှိသည်။

’’စက်မှုဇုန်တွေအားလုံး လည်ပတ်မှု မရှိဘူးလေ။ ရန်ကုန်မှာက အလုပ်ဖြစ်တယ်လို့ ပြောလို့ရတဲ့ စက်မှုဇုန်ကို ပြောပါဆိုရင်တော့ လှိုင်သာယာကိုပဲ ပြောရမှာ။ ကျန်တဲ့ ဇုန်တွေထဲမှာတော့ ရွှေပြည်သာ၊ သာဓုကန်၊ ဒဂုံအရှေ့ အဲဒါလောက်ပဲ နည်းနည်းပါးပါး လည်ကြတာ ရှိတယ်’’ ဟု စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/5604-2010-06-28-13-17-19...