သြစတြေးလျ၏ မြန်မာအပေါ်မူဝါဒ အပြောင်းအလဲ မရှိနိုင်

သြစတြေးလျ၏ မြန်မာအပေါ်မူဝါဒ အပြောင်းအလဲ မရှိနိုင်
by -
ကျော်မြ
နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် Julia Gillard သည် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သြစတြေးလျအစိုးရသစ်က ပြည်ထဲရေးတွင် ပြုပြင်ပြောင်းလဲမှှုများ စွမ်းဆောင်ပေးနိုင်မည်ဟု မျှော်လင့်သော်လည်း မြန်မာနိုင်ငံအပေါ် ထားရှိသည့် နိုင်ငံခြားရေးမူဝါဒမှာမူ အပြောင်းအလဲ ကြီးမားစွာ ရှိလိမ့်မည်ဟု...

နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် Julia Gillard သည် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သြစတြေးလျအစိုးရသစ်က ပြည်ထဲရေးတွင် ပြုပြင်ပြောင်းလဲမှှုများ စွမ်းဆောင်ပေးနိုင်မည်ဟု မျှော်လင့်သော်လည်း မြန်မာနိုင်ငံအပေါ် ထားရှိသည့် နိုင်ငံခြားရေးမူဝါဒမှာမူ အပြောင်းအလဲ ကြီးမားစွာ ရှိလိမ့်မည်ဟု မမျှော်လင့်နိုင်ကြောင်း သြစတြေးလျရှိ မြန်မာ့အရေး လှုပ်ရှားသူများက ပြောသည်။

လေဘာပါတီ၏ ခေါင်းဆောင် ဝန်ကြီးချုပ် Kevin Rudd သည် ရာထူးမှ နုတ်ထွက်ပေးရန် အဆိုပြု စိန်ခေါ်လာသူ ၎င်း၏ လက်ထောက် Gillard အား မဲခွဲဆုံးဖြတ်မှုတွင် ရှုံးနိမ့်ကာ ကြာသပတေးနေ့က အာဏာလွှဲပြောင်း ပေးအပ်ခဲ့ရပြီးနောက် မြန်မာ့နိုင်ငံနှင့် ပတ်သက်သည့် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲကိစ္စကို ပြောဆိုကြခြင်း ဖြစ်သည်။

“ဝန်ကြီးချုပ်နေရာနဲ့ ဒုတိယ ဝန်ကြီးချုပ် နေရာတွေပဲ ပြောင်းသွားတာမို့လို့ မြန်မာနိုင်ငံအပေါ် မူဝါဒတွေ ပြောင်းလိမ့်မယ်လို့ မထင်ပါဘူး” ဟု ဘားမားကမ်ပိန်း (သြစတြေးလျ) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မြင့်ချိုက ပြောသည်။

မစ္စတာ Rudd သည် ၎င်းတို့ပါတီ အာဏာမရခင်ကတည်းက အတိုက်အခံများ စုပေါင်းဖွဲ့စည်းထားသော အတိုက်အခံ ဝန်ကြီးအဖွဲ့ Shadow Cabinet တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆောင်ရွက်စဉ်ကတည်းက မြန်မာ့အရေးကို နက်ရှိုင်းစွာ နားလည်သဘောပေါက်သူဖြစ်သဖြင့် ၎င်း၏ မြန်မာစစ်အစိုးရအပေါ် သဘောထားသည် မြန်မာ အတိုက်အခံ များအတွက် ကျေနပ်စရာ ကောင်းသည်ဟု သူက ဆိုသည်။

“သူဟာ မြန်မာ့အရေးကို သြစတြေးလျ အစိုးရအဖွဲ့နဲ့ ပါလီမန်က အာရုံစိုက်လာအောင် အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့သူ ဖြစ်ပါတယ်။ သူ အတိုက်အခံခေါင်းဆောင် ဖြစ်နေတဲ့ အချိန်ကတည်းက သူတို့ လေဘာပါတီ အနိုင်ရတဲ့အခါ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းတာတွေ ပိတ်ပင်လာအောင်၊ ပြီးတော့ စစ် အစိုးရကိုလည်း လူသာချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှှုတွေအတွက် ကော်မရှင်ဖွဲ့စစ်ဆေးတာတွေ နိုင်ငံတကာက ပြုလုပ်လာအောင် ကြိုးစားဆောင်ရွက်မယ်လို့ ကတိပေးခဲ့တဲ့သူဖြစ်ပြီး သူဝန်ကြီးချုပ် ဖြစ်လာတဲ့အခါမှာ အဲဒီကတိတွေကို အကောင်အထည် ဖော်ခဲ့တဲ့သူပါ” ဟု ဒေါက်တာ မြင့်ချိုက ပြောသည်။

ရာထူးမှ လျင်မြန်စွာ နုတ်ထွက်ပေးလိုက်ရသဖြင့် Kevin Rudd သည် ပထမသက်တမ်း၌ပင် ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည့် လေဘာပါတီ၏ ပထမဆုံးသော ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ယခုလ ၃ ရက်နေ့ နီး(လ်)ဆန် လူထုသဘောထား စစ်တမ်းတွင် လေဘာပါတီသည် ၂ဝဝ၆ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ဘက်ပါတီအား နောက်ကောက်ကျ ရှုံးနိမ့်သွားသောကြောင့် ပါတီအတွင်း စိုးရိမ်မှု ဖြစ်ပေါ်ကာ ယခုကဲ့သို့ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ “မစ္စစ် Gillard ဟာ အချိန်တိုအတွင်းမှာ အရွေးခံ ခဲ့ရပြီး အစိုးရအဖွဲ့ကို အုပ်ချုပ်ဖို့ ယုံကြည်စွာ အပ်နှင်းခံခဲ့ရပါပြီ” ဟု နိုင်ငံတွင်း ABC သတင်းဌာန၏ ယမန်နေ့ည ဝန်ကြီးချုပ် အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင်စမစ်(သ်)က ဖေဖော်ဝါရီလက ပါလီမန်သို့ တင်ပြခဲ့ရာတွင် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ရဟန်းသံဃာတော်များ ဦးဆောင် ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးအား စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက် ချမှတ်ခဲ့သည့် မြန်မာနိုင်ငံအား ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှှုများအား ထပ်မံ သက်တမ်းတိုးရန် တိုက်တွန်းခဲ့သည်။

သြစတြေးလျသည် စစ်အစိုးရနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်များ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်များမှ ပြန်လည် ထူထောင်ရေး ကိစ္စရပ်များလည်း ဆွေးနွေးခဲ့သည်။

အမေရိကန် ပြည်ထောင်စု၏ မြန်မာစစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေး၊ ပိတ်ဆို့အရေးယူရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးရေးတို့ ပေါင်းစပ် ထားသည့် မူဝါဒကို သြစတြေးလျက ထောက်ခံကြိုဆိုခဲ့ပြီး လာမည့် ၃ နှစ်အတွင်း သြစတြေးလျမှ မြန်မာနိုင်ငံသို့ အကူအညီများအား နှစ်စဉ် သြစတြေးလျ ဒေါ်လာ သန်း ၅ဝ (အမေရိကန် ဒေါ်လာ ၄၃.၃ သန်း) အထိ ပေးမည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ်က စစ်အစိုးရထံတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသမဂ္ဂ EU ၊ အမေရိကန်နှင့် သြစတြေးလျတို့မှ ကိုယ်စားလှယ်များနှင့် ပိတ်ဆို့အရေးယူမှု ကိစ္စအကြောင်း တွေ့ဆုံဆွေးနွေးခွင့်ပြုရေးကို တောင်းဆိုခဲ့သည်။

သြစတြေးလျသည် အမေရိကန် အစိုးရအဖွဲ့ အတွင်းရေးမှူး ဟီလာရီကလင်တန်၏ သဘောထားဖြစ်သည့် ‘အကယ်၍ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှှုများအား ရုပ်သိမ်းပေးလိုက်လျှင် မှားယွင်းသော အချက်ပေးမှု တခုဖြစ်လာမည်’ ကို စိုးရိမ်သည့် သဘောထားကို ထောက်ခံခဲ့သော်လည်း ပိတ်ဆို့အရေးယူမှုများ ချဲ့ထွင်ရန်ကိုမူ သဘောမတူခဲ့ပေ။ မြန်မာ စစ်အစိုးရအား အတိုက်အခံများနှင့် စေ့စပ်ညှိနှှိုင်းရန် တွန်းအားပေးခြင်းကိုလည်း သြစတြေးလျက ဆက်လက်လုပ်ဆောင်ခဲ့သည်ဟု စမစ်(သ်)က ဆိုသည်။

Gillard ၏ အစိုးရအဖွဲ့သည် နိုင်ငံခြားရေးမူဝါဒများကို အပြောင်းအလဲ ပြုလုပ်လိမ့်မည် မဟုတ်ဟု မျှော်လင့်ရသော်လည်း ပြည်တွင်းရေးတွင်မူ သြစတြေးလျ အလုပ်သမား လူတန်းစား၊ အခြေခံလူတန်းစားနှင့် အလယ်အလတ်တန်းစားများအရေးနှင့် ခိုလှုံခွင့်တောင်းခံနေသော လှေစီးဒုက္ခသည်များအရေး စသည့် ဖိအားများသည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး လေဘာပါတီအပေါ် လူထုထောက်ခံမှု ပြန်လည်ရရှိရန်အတွက် မူဝါဒများက စွဲဆောင်မှုရှိရန်လည်း လိုအပ်ပေသည်။ The Sydney Morning Herald သတင်းစာအရ မစ္စစ် Gillard သည် နိုင်ငံအတွင်းသို့ တရားမဝင် လှေစီးဝင်ရောက်ကာ ခိုလှုံခွင့်တောင်းမည့် ဒုက္ခသည် အရေအတွက်များ များပြားနေခြင်းအပေါ် သဘောပေါက်ပြီး ပိုမိုတင်းကျပ်သော နယ်စပ်ဒေသ ထိန်းချုပ်ရေးကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

သံအမတ်ဖြစ်ခဲ့ပြီး နိုင်ငံခြားရေးကျွမ်းကျင်သူ မစ္စတာ Rudd ကဲ့သို့ မစ္စစ် Gillard တွင် အတွေ့အကြံုမရှိဟု ဆိုသည်။ Gillard သည် ပညာရေး၊ အလုပ်သမားရေးနှင့် လူမှုရေးရာများတွင်သာ ကျွမ်းကျင်သူ ဖြစ်သဖြင့် သူမသည် မစ္စတာ Rudd လောက် မြန်မာ့အရေးကို စိတ်ဝင်စားလိမ့်မည် မဟုတ်ဟု ဒေါက်တာ မြင့်ချိုက ထင်မြင် ယူဆသည်။

“ဒါပေမဲ့ ကောင်းတာတခုက လေဘာပါတီ လွှတ်တော်အမတ်တွေထဲမှာ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ အမတ်တွေ အများကြီး ရှိနေတာပဲ။ ဒီတော့ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်(သ်) သူ့ရာထူးမှာ တည်မြဲနေသရွေ့ သြစတြေးလျက မြန်မာ့အရေးအပေါ် သဘောထား မပြောင်းနိုင်ပါဘူး” ဟု သူက ဆိုသည်။

သို့ရာတွင် မြန်မာ့အရေးကို လုပ်ဆောင်နေကြသည့် အုပ်စုများက သြစတြေးလျသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု လျော့ရဲနေခြင်းကို အားမလိုအားမရ ဖြစ်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် သြစတြေးလျက ရင်းနှီးမြှုပ်နှံနေခြင်းသည် ရက်စက်ကြမ်းကြုတ်သော စစ်အစိုးရအား အထောက်အပံ့ဖြစ်စေ သည်ဟု မြန်မာအတိုက်အခံများက ပြောဆိုခဲ့ကြပြီး ပိတ်ဆို့အရေးယူမှုများ တင်းကျပ်စွာ ပြုလုပ်ပေးရန် အလိုရှိနေကြသည်။

သြစတြေးလျ၏ Danford Equities Corporation ၏ မိခင်ကုမ္ပဏီဖြစ်သော Twinza Oil ရေနံကုမ္ပဏီသည် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း MOGE နှင့် ၂ဝဝ၆ ခုနှစ် နိုဝင်ဘာလတွင် အကျိုးတူ စာချုပ်ချုပ်ဆိုပြီးနောက် မာတာဘန် ပင်လယ်ကွေ့ရှိ ရေတံခွန် အရှေ့ဘက်လုပ်ကွက်တွင် စမ်းသပ်ထုတ်လုပ်မှှုများ ပြုလုပ်လျက် ရှိသည်ဟု ဘားမားကမ်ပိန်း (သြစတြေးလျ) က ဆိုသည်။

Twinza Oil ကုမ္ပဏီနှင့် အကျိုးတူစီမံကိန်းအရ မြန်မာစစ်အစိုးရသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံခန့် ရရှိနိုင်မည်ဖြစ်ပြီး ထိုရင်းနှီးမြှုပ်နှံမှုမှ ရရှိသော ဝင်ငွေများသည် စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းအား ကောင်းစွာ အထောက်အပံ့ပေးနိုင်သော ငွေပမာဏဖြစ်သည်ဟု ဘားမားကမ်ပိန်း (သြစတြေးလျ) အဖွဲ့က ဆိုသည်။

သြစတြေးလျ ကုန်သွယ်ရေးအဖွဲ့ကောင်စီ၏ ဥက္ကဋ္ဌ Sharan Burrow က ပြီးခဲ့သည့်နှစ်က New Matilda အွန်လိုင်းဂျာနယ်တွင် “ထိုသဘောတူ စာချုပ်အရ သြစတြေးလျ ကုမ္ပဏီကြောင့် မြန်မာစစ်အစိုးရသည် ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်တွင် နံပါတ် ၁၂ မြောက် အင်အားအများဆုံးဖြစ်သည့် ၎င်းတို့၏ စစ်တပ်အတွက် အသုံးစရိတ် လေးပုံ တပုံကို ရရှိသွားစေနိုင်သည်” ဟု ရေးသားထားသည်။

ထိုငွေကြေးပမာဏသည် မြန်မာပြည်သူလူထု လက်ထဲသို့ မည်သည့်အခါမျှ ရောက်ရှိစီးဆင်းခဲ့ခြင်း မရှိသော ငွေကြေးပမာဏလည်း ဖြစ်သည်။

စမစ်(သ်)က ဖေဖော်ဝါရီလ၌ သြစတြေးလျ ပါလီမန်သို့ ပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံ၏ ခန့်မှန်းခြေ လူဦးရေ ဖြစ်သော သန်းပေါင်း ၅ဝ ၏ ထက်ဝက်ခန့်သည် အလွန်အမင်း ဆင်းရဲသော အခြေအနေတွင် ရှိနေပြီး ၎င်းတို့သည် လူ့ဘဝ ရပ်တည်ရေး၏ အခြေခံလိုအပ်ချက်များဖြစ်သော အစားအစာ၊ ရေ၊ နေထိုင်စရာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့်၊ စနစ်ကျသော ရေဆိုး ရှင်းလင်းရေးစနစ်များ မရရှိကြဟု ဆိုသည်။ ကမ္ဘာ့ဘဏ်က တနေ့လျှင် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၁.၂၅ ဒေါ်လာထက် ဝင်ငွေနည်းသော သူများအား အလွန်အမင်း ဆင်းရဲသည်ဟု သတ်မှတ်ထားသည်။

(Perry Santanchote နောက်ဆက်တွဲ သတင်းပေးပို့သည်။)

Most read this week