ဥရုဂွေးနဲ့ ဂါနာ ကွာတား တက်ပြီီ

ဥရုဂွေးနဲ့ ဂါနာ ကွာတား တက်ပြီီ
by -
မင်းသား
မနေ့တုန်းက ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်တွေ စကစားခဲ့ရာမှာ ဥရုဂွေးနဲ့ ဂါနာအသင်းတို့ ကွာတား တက်သွားပါပြီ။ ကစားခဲ့တဲ့ မနေ့က ပွဲ ၂ ပွဲ....

မနေ့တုန်းက ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်တွေ စကစားခဲ့ရာမှာ ဥရုဂွေးနဲ့ ဂါနာအသင်းတို့ ကွာတား တက်သွားပါပြီ။ ကစားခဲ့တဲ့ မနေ့က ပွဲ ၂ ပွဲကို ပြန်ပြောကြည့်ပါ့မယ်။

ရှုံးထွက် ပထမပွဲစဉ်

(ဥရုဂွေး ၂ ဂိုး - တောင်ကိုရီးယား တဂိုး)

ဥရုဂွေးက ပထမပိုင်းအစမှာပဲ ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဒီပွဲမှာ အကောင်းဆုံးဆု ရသွားတဲ့ တိုက်စစ်မှူး ဆူရက် သွင်းယူခဲ့တာပါ။ ပထမပိုင်းမှာ သူတပြန်ကိုယ်တပြန် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး၊ ဥရုဂွေး ကစားသမားတွေ ပွဲကို ထိန်းကစားခဲ့ကြပါတယ်။

ဒုတိယပိုင်း မိနစ် ၂၀ ကျော်လောက် တောင်ကိုရီးယားတို့ ဖိကစားထားနိုင်ခဲ့ပြီး၊ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ချေပဂိုး ပြန်ပေးလိုက်ရတယ်ဆိုရင်ပဲ ဥရုဂွေးတိုက်စစ် ပြန်အသက်ဝင်လာပြီး၊ ဆူရက်ကပဲ အနိုင်ဂိုးကို ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲ လှလှပပ သွင်းယူသွားခဲ့ပါတယ်။

၂ သင်းစလုံး အသင်းလိုက် ခြေစွမ်း သိပ်မကွာပါဘူး။ နည်းစနစ်ပိုင်းအရလည်း ၂ သင်းစလုံး ကောင်းပါတယ်။ ဒါပေမဲ့ ဥရုဂွေး တိုက်စစ်မှူးတွေရဲ့ တဦးချင်း စွမ်းရည်က တောင်ကိုရီးယားထက် သာပါတယ်။ တောင်ကိုရီးယားတို့ အဆုံးသတ်ပိုင်း မကောင်းလို့ ရှုံးသွားရတာပါ။ ဥရုဂွေး နိုင်လို့ ကွာတားဖိုင်နယ်မှာ ဂါနာနဲ့ ဆုံရမှာပါ။ ၁၉၇၀ နောက်ပိုင်းမှာ အမြင့်ဆုံး အဆင့်ကို တက်နိုင်တာလို့ ပြောရမှာပါ။

(အမေရိကန် ၁ ဂိုး - ဂါနာ ၂ ဂိုး)

ဒီပွဲမှာ အာဖရိကကနေ တက်လာတဲ့ ဂါနာအသင်းက တွန်းတွန်းတိုက်တိုက်နဲ့ ကစားသွားတာ တွေ့ရပါတယ်။ အမေရိကန်တို့ အထနှေးပြီး၊  ပထမပိုင်းမှာ ကစားကွက် တည်လို့မရ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ အဖွင့်ဂိုးကို  ဂါနာက ပို့စ်မောက် ကစားသမား ဘိုတန်က သွင်းယူသွားတာပါ။

အမေရိကန်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂါနာဂိုးသမား လက်စွမ်းပြ ကာကွယ်သွားနိုင်ပါတယ်။ ဒုတိယပိုင်းမှာ အမေရိကန်အသင်း ပင်နယ်တီကနေ ချေပဂိုး ရခဲ့ပါတယ်။ ပွဲပြီးချိန်အထိ အနိုင်အရှုံး အဖြေမပေါ်လို့ အချိန်ပိုအထိ ဆက်ရပါတယ်။ အချိန်ပို စစချင်းမှာပဲ ကမ္ဘာ့ဖလားမှာ ဂါနာကနေ တောက်လျှောက် ခြေစွမ်းပြ ကစားနေတဲ့ အဆာမို ဂျီရန်က အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

ဂါနာအတွက် ၀င်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်မှာ  အမြင့်ဆုံး  ကွာတားကို တက်နိုင်ခဲ့တာဖြစ်ပြီး၊ ကွာတားဖိုင်နယ်မှာ ဥရုဂွေးနဲ့ တွေ့မှာမို့ နောက်တဆင့်အတွက် မျှော်လင့်နိုင်တဲ့ အနေအထားမျိုး ရှိနေပြန်ပါတယ်။

ရှုံးထွက် ပွဲကြို သုံးသပ်ချက်

(အင်္ဂလန်-ဂျာမဏီ)

ဒီ ၂ သင်းက သမိုင်းကြောင်းအရ ပြိုင်ဘက်တွေ ဖြစ်တော့ ပွဲကြီးပွဲကောင်း တပွဲလို့ ပြောရမှာပါ။

ဂျာမဏီက ၄ - ၂ - ၃ - ၁ နဲ့ ပွဲထွက်ဖို့ များပြီး၊ အင်္ဂလန်က ၄ - ၄ - ၂ ဖြစ်ဖို့ များပါတယ်။

ဒီပွဲမှာ ကာပယ်လိုအနေနဲ့ တယ်ရီနဲ့ တွဲကစားဖို့ နောက်တန်း ဗဟိုနောက်ခံလူ နေရာအတွက် ဆုံးဖြတ်ရေတော့မှာပါ။ အပ်ဆန်ကိုပဲ ဆက်သုံးမလား၊ ပွဲပယ်ခံရာကနေ ပြန်လာတဲ့ ကာရေဂါနဲ့ ဒဏ်ရာကနေ ကောင်းလာတဲ့ လတ်ဒလေ ကင်းကိုပဲ သုံးမလားဆိုတာ ဆုံးဖြတ်ရမှာပါ။ အင်္ဂလန်အသင်း လူစုံပါတယ်။

ဂျာမဏီမှာက တိုက်စစ်မှူး ကာကူးတယောက် အစာအိမ် ကြွက်သားဒဏ်ရာ ရှိလို့ မကစားနိုင်ပေမယ့်၊ သူ့နေရာမှာ ပွဲပယ်ခံရာကနေ ပြန်လာတဲ့ ကလိုဆေး ပါဖို့ ရှိပါတယ်။ ကွင်းလယ်က ရှဝိန်းစနိုက်ဂါလည်း ဒဏ်ရာကနေ ပြန်ကောင်းလာပါပြီ။

ဂျာမဏီအသင်းခေါင်းဆောင်  ဖိလစ် လန်းက ခြင်္သေ့ ၃ ကောင် အင်္ဂလန်ဟာ အရင်ပွဲတွေမှာ ခြင်္သေငယ်လေးတွေ ဖြစ်ပေမယ့် ဒီညပွဲမှာတော့ မတူတာတွေ လုပ်ပြလိမ့်မယ်လို့ ပြောထားပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် ဂျရတ်ကလည်း ရွန်နီအနေနဲ့ ဂိုးသွင်းဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောထားပါတယ်။

ကမ္ဘာ့ဖလားမှာ အောင်မြင်မှုက ဂျာမဏီက ပိုများပါတယ်။ ၃ ကြိမ် ချန်ပီယံ၊ ဒုတိယရ ၄ ကြိမ်၊ တတိယ ၃ ကြိမ်၊ စတုတ္ထ တကြိမ်၊ ၁၉၈၀ နောက်ပိုင်းမှာ အနိမ့်ဆုံး ကွာတားကို အမြဲရောက်လေ့ရှိတဲ့ အသင်းပါ။

အင်္ဂလန်က ၂၀၀၂ ၊ ၂၀၀၆ ကွာတားအထိ ရောက်ပေမယ့် ကွာတားကနေပဲ လှည့့်ပြန်ရတဲ့ အစဉ်အလာဆိုး ရှိပါတယ်။

အုပ်စုပွဲ ခြေစွမ်းအရဆိုရင် ဂျာမဏီက သာပါတယ်။ တည်ငြိမ်မှု ရှိပါတယ်။ အင်္ဂလန်က ခြေစစ်ပွဲ ခြေစွမ်းထက် နိမ့်နေပြီး၊ ရွန်နီ ခြေစွမ်းပျောက်နေတုန်းပါ။

နည်းပြ ကာပယ်လိုက ယုံကြည်မှု ရှိဖို့ လိုတယ်။ ယုံကြည်မှုက အင်္ဂလန်အတွက် အဓိက အကျဆုံးလို့ ပြောထားပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်တော့ အချိန်ပို၊ ပင်နယ်တီတွေ ရောက်နိုင်ပါတယ်။

အစဉ်အလာအရ ပြိုင်ဘက် ၂ သင်း တွေ့ကြတဲ့ ဂျာမဏီနဲ့ အင်္ဂလန်တို့ ဒီတကြိမ်မှာ ဘယ်အသင်း အသာရသွားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

အင်္ဂလန်ပဲ အုပ်စုပွဲ ခြေစွမ်းနဲ့ မတူတာတွေ လုပ်ပြနိုင်မလား ဒါမှမဟုတ် ဂျာမဏီကပဲ အစဉ်အလာအတိုင်း ကွာတားဖိုင်နယ်ကို တက်သွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(အာဂျင်တီးနား-မက္ကဆီကို)

ဒီ ၂ သင်း တွေ့ဆုံမှုက ၂၀၀၆ တုန်းက ရှုံးထွက်မှာ ဆုံဖူးတာကို သတိရစေပါတယ်။ အဲဒီတုန်းက အာဂျင်တီးနားကပဲ အချိန်ပိုမှာ အနိုင်ရသွားတာပါ။

အာဂျင်တီးနား နည်းပြ မာရာဒိုနာက ဒီညပွဲအတွက် အနားပေးထားတဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ တယ်ဗက်ဇ်၊ ဟီဂူရီရန်၊ နောက် ကွင်းလယ်က မာရှေယာနိုတို့ကို ပြန်ထည့်ပြီး၊ ဗီရွန်ကိုလည်း ပွဲစကတည်းက သုံးဖို့ ရှိပါတယ်။

နောက်တန်းမှာ ဗဟိုနောက်ခံလူ  ၀ါတာ ဆင်မြူရယ် ဒဏ်ရာကနေ ပြန်မကောင်းသေးလို့ ဘာဒစ်ဆို ကစားပါလိမ့်မယ်။

မက္ကဆီကိုမှာ ကားလို့စ် ဗယ်လာ ဒဏ်ရာကနေ ပြန်ကောင်းပြီး ပါလာဖို့ ရှိပြီး၊ တိုက်စစ်မှာ ဆန်းတို့စ်၊ ဟာနက်ဒက်စ်၊ ဖရန်ကိုတို့ ရှိနေပါတယ်။

အာဂျင်တီးနားအနေနဲ့ ချန်ပီယံ ခြေစွမ်းမျိုးပြပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားမလား၊ ဒါမှမဟုတ် မက္ကဆီကိုကပဲ ၂၀၀၆ တုန်းက ရှုံးကြွေးကို ဆပ်ပြနိုင် မလားဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

http://www.mizzimaburmese.com/special/world-cup-2010/5591-2010-06-27-08-...

Most read this week