အာဏာပိုင်များ ကျောထောက်နောက်ခံ ပြုထားသည့် နွားခိုးဂိုဏ်းများကြောင့် ရခိုင်လယ်ယာလုပ်ငန်း ထိခိုက်မူ ရှိနေ

အာဏာပိုင်များ ကျောထောက်နောက်ခံ ပြုထားသည့် နွားခိုးဂိုဏ်းများကြောင့် ရခိုင်လယ်ယာလုပ်ငန်း ထိခိုက်မူ ရှိနေ
by -
မောင်အေး
ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် ဒေသအာဏာပိုင်များ ကျောထောက်နောက်ခံ ပြုထားသော နွားခိုးဂိုဏ်းများကြောင့် ရခိုင်လယ်ယာ လုပ်ငန်းကို ထိခိုက်မူ ရှိနေကြောင်း ရခိုင် တောင်သူလယ်သမားများက ပြော ...

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် ဒေသအာဏာပိုင်များ ကျောထောက်နောက်ခံ ပြုထားသော နွားခိုးဂိုဏ်းများကြောင့် ရခိုင်လယ်ယာ လုပ်ငန်းကို ထိခိုက်မူ ရှိနေကြောင်း ရခိုင် တောင်သူလယ်သမားများက ပြောသည်။

“အခု ကျနော်တို့ ရခိုင်မှာ ကြံုတွေ့နေရတဲ့ ပြဿနာက ကျွဲ၊ နွားတွေ ပျောက်တဲ့ ပြဿနာ ဖြစ်ပါတယ်။ နွားခိုးဂိုဏ်းတွေဟာ ဒေသအတွင်းက စစ်တပ်၊ ရဲတပ် အပါအဝင် နစက တပ်ဖွဲ့ဝင်တွေနဲ့ နားလည်မူ ယူပြီး ကျွဲ၊ နွားတွေကို ခိုးယူပြီး တဘက်နိုင်ငံ ဘင်္ဂလာဒေချ့်ကို တင်ပို့နေကြပါတယ်။ ခုလို ကျွဲ၊ နွား ပျောက်တာဟာ လက်ရှိ ရခိုင် လယ်သမားတွေ အဓိက ရင်ဆိုင်ကြံုတွေ့နေရတဲ့ ပြဿနာ ဖြစ်နေပါတယ်။ ရခိုင်မှာက ကျွဲ၊ နွားတွေကို အသုံးပြုပြီး လယ်ထွန်နေရတော့ ကျွဲ၊ နွား မရှိဘူးဆိုရင် ကျနော်တို့ လယ်ယာလုပ်ငန်းတွေ ရပ်တန့်ထားရမဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။”

နွားခိုးဂိုဏ်များ အနေဖြင့် ခိုးနွားများကို စုဆောင်းပြီး ဘင်္ဂလာဒေချ့်သို့ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး တင်ပို့နေပုံကို သူက ဆက်ပြောသည်။

“ခိုးယူထားတဲ့ နွားတွေကို ပုဏ္ဍားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ရဲ၊ စစ်တပ် စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အကာအကွယ် ယူပြီး စုဆောင်းကြပါတယ်။ အရေအတွက် ၁၀ ကောင်ကနေ ၁၅ ကောင်ထိ ဖြစ်လာတဲ့အခါ ခိုးလမ်းတွေကတဆင့် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာကို ပို့ပါတယ်။ ညောင်ချောင်းကို ရောက်ရင် အဲဒီမှာ ခိုးနွားတွေကို ဘင်္ဂလာဒေချ့်ကို တင်ပို့တဲ့ ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး မေယူတောင် ဖြတ်ကာ နတ်မြစ်ဝကနေ လှေတွေနဲ့ ဘင်္ဂလာဒေချ့့်က ဆင်မဖြူကျွန်းကို တင်ပို့ကြပါတယ်။ ခုလို တင်ပို့တဲ့အခါ လမ်းတလျှောက်မှာ ရှိတဲ့ ရဲ၊ စစ်တပ်၊ နစကတွေကို ကောင်ရေအလိုက် ငွေတွေ ပေးရတယ်။ ရောင်းရတဲ့ ငွေတွေထဲက တဝက်ကိုတော့ သူတို့ အကာအကွယ် ပေးထားတဲ့ ဒေသအတွင်းက စစ်တပ်နဲ့ ရဲကို နွားခိုးဂိုဏ်းတွေက ပေးရတယ်။ ခုလို နွားခိုးဂိုဏ်းတွေနဲ့ အာဏာပိုင်တွေ လုပ်စားနေကြပါတယ်။”

ထိုသို့ ခိုးနွားများကို မြို့နယ်တခုမှ မြို့နယ်တခုသို့ ဖြတ်ကျော်ပို့ဆောင်ရာတွင် စစ်တပ်က ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ စောင့်ရှောက်ပေးသည်ဟုလည်း သူက ပြောသည်။

“တခြားမြို့နယ်က နွားတွေ ရသေ့တောင် နယ်ထဲရောက်လာရင်် ရသေ့တောင် အခြေစိုက် ၅၃၆ တပ်ရင်းက တာဝန်ယူပြီး မောင်တော နယ်မြေထိ ပို့ဆောင်ပေးတာတွေလည်း ရှိပါတယ်။ မောင်တော တောင်ပိုင်းကို ရောက်ရင် ခိုးနွားပဲဖြစ်ဖြစ် တခြားရိုးရိုးသားသား ရောင်းချဖို့ ယူလာတဲ့ နွားဖြစ်ဖြစ် တကောင်ကို ၁၀၀၀ ကျပ် ပေးနုန်းနဲ့ နစက နယ်မြေ (၇) ကို ပေးရပါတယ်။”

ဘင်္ဂလာဒေချ့်တွင် မြန်မာနိုင်ငံမှ နွားများမှာ အထူးစျေးကောင်းရနေပြီး ရခိုင်တွင် ကျပ်တသိန်းတန်သော နွားကို ဘင်္ဂလာဒေချ့်တွင် ကျပ်သုံးသိန်းထိ ရရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ဇရပ်လှရွာနှင့် လိုင်ဂွင်တွင် ခိုးနွားများကို ၀ယ်ယူသူ ကိုယ်စားလှယ်များ ရှိပြီး မောတောနယ် မောရဝတီ ကျေးရွာတွင်လည်း ခိုးနွားများ ၀ယ်သည့် ကိုယ််စားလှယ်များ ရှိသည်။ ပုဏ္ဍားကျွန်း မြို့နယ်တွင် ငတောက်စွယ်နှင့် တောဖျားချောင်းရွာတွင် ခိုးနွား အဝယ်ကိုယ်စားလှယ် ရှိကြောင်း သိရသည်။

အဆိုပါ နွားအဝယ်ကိုယ်စားလှယ်များ အနေဖြင့် ခိုးနွားများကို စုဆောင်းပြီး ရသေ့တောင် အခြေစိုက် ခမရ ၅၃၆ တပ်ရင်းမှ တပ်ရေး ဗိုလ်ကြီး အကူအညီဖြင့် ဘူးသီးတောင် မြို့နယ် ညောင်ချောင်းထိ စက်လှဖြင့် စုဆောင်းတင်ပို့ကြပြီး တခေါက် တင်ပို့ခအဖြစ် ကျပ်ငွေ ၁၀ သိန်းထိ တပ်ရေး ဗိုလ်ကြီးသို့ ပေးရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာတိုင်းတွင် နေ့တိုင်းလိုလို နွားပျောက်မူများနှင့် ရင်ဆိုင်နေကြရပြီး ပင်လယ် ထွက်ပေါက်များ ရှိသည့် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် နွားခိုးဂိုဏ်းများသည် စက်လှေများဖြင့် သွားရောက်ကာ နွားများကို အုပ်လိုက် စက်လှေပေါ် လိုက်တင်ကာ တဘက်နိုင်ငံ ဘင်္ဂလာဒေချ့်ကို တင်ပို့ကြသည်ဟု သိရသည်။

Most read this week