တရုတ်ကုမ္ပဏီနှင့် ဖက်ဆက်လုပ်ကိုင်သော ငလှိုင်တွင်းဒေသ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ လာမည့်လလယ်တွင် စတင် အကောင်အထည် ဖော်မှာဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အရာရှိတဦးက ပြောသည်။
မကွေးတိုင်း စလင်းမြို့နယ်ရှိ ငလှိုင်တွင်းဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံတွင် အသစ်ဝင်ရောက်မြုပ်နှံလာသော တရုတ်ကုမ္ပဏီသစ် North Petro-Chem Coporation Linited (NPCC) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ ဇွန် ၁၆ ရက်နေ့က စာချုပ် ချုပ်ခဲ့ကြသည်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်၏ ယခုလဆန်းက နှစ်ရက်တာ မြန်မာနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် စာချုပ်ချုပ်ဆိုမှု ဖြစ်ထွန်းခဲ့သည်။
အမည်မဖော်လိုသူ MOGE အရာရှိ၏ အဆိုအရ အကျယ်အဝန်းအားဖြင့် ၁၀၀ စတုရန်းမိုင်ခန့်ရှိသည့် ငလှိုင်တွင်းဒေသတွင် ဇူလိုင်လလယ်အတွင်း ရှာဖွေတူးဖော်ရေး လုပ်ငန်းများ စတင်မည်ဖြစ်ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့ တွေ့ရှိမှုအပေါ် မူတည်၍ စာချုပ်သက်တမ်းအား တိုးသွားမည်ဟု သိရသည်။
စာချုပ်ပါအကြောင်းအရာကို ပြောပြရန် ငြင်းဆိုသော်လည်း ယေဘူယျအားဖြင့် ရှာဖွေရေးကာလကို ၃ နှစ်မှ ၅ နှစ်အထိ ခွင့်ပြုချုပ်ဆိုလေ့ရှိပြီး နှစ်ပေါင်း ၃၀ အထိ တူးဖော်ခွင့်ပေးလေ့ ရှိသည်ဟု ဆိုသည်။
ယခင်က ရေနံကျင်းပေါင်း ၁၅ဝဝ ခန့် ရှိခဲ့သည့် ငလှိုင်တွင်းဒေသ၌ ဒေသခံများက ကိုယ်ထူကိုယ်ထ တွင်းများဖြင့်သာ တူးဖော်ခဲ့ပြီး ရေနံတွင်းတတွင်းလျင် တရက် ပေပါ ၁ဝဝ မှ ၁၅ဝ ထိ ရရှိခဲ့ကြောင်း ယင်းဒေသ၌ ရေနံတူူးဖော်မှု ၂ဝဝ၆ ခုနှစ်အထိ ၆ နှစ်ကြာ လုပ်ကိုင်ဖူးသော ချောက်မြို့နယ်မှ ဒေသခံတဦးက ပြောသည်။
သို့သော် လက်ရှိတွင်မူ ပြည်၊ ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်းမြို့နယ်များရှိ ကျေးရွာများမှ လူ ၅ဝ ဦးခန့်သာ တူးဖော်နေသည်ဟု သူက ပြောသည်။
မြန်မာနို်င်ငံတွင် ရေနံနှင့် သဘောဝ ဓါတ်ငွေ့ ထုတ်လုပ်မှု လုပ်ကွက်ပေါင်း ၄၇ ကွက်ရှိရာမှ တရုတ် ကုမ္ပဏီများက ၂၃ ကွက် လုပ်ကိုင်နေပြီး အများဆုံးဖြစ်ပြီး မလေးရှားက ဒုတိယလိုက်ကြောင်း ရွှေဂက်စ်လုပ်ရှားမှုအဖွဲ့မှ ကိုဝင်းအောင်က ပြောသည်။
တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC က ရခိုင်ပြည်နယ် ကျောက် ဖြူမြို့မှ တရုတ်နိုင်ငံရွှေလီသို့ ဆက်သွယ်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုကို တည်ဆောက်နေရာ ၂ဝ၁၃ ခုနှစ်တွင် ပြီးစီးမှာဖြစ်သည်။
ယင်းပိုက်လိုင်းများဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများ မှ ရေနံနှင့် ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကို တရုတ်သို့ တင်သွင်းမည်ဖြစ်သည်။
http://mizzimaburmese.com/news/business/5586-2010-06-25-14-41-36.html