မြန်မာ့လူပုကလေး ဂင်းနစ် မှတ်တမ်းဝင်အောင် ကြိုးစားနေ

မြန်မာ့လူပုကလေး ဂင်းနစ် မှတ်တမ်းဝင်အောင် ကြိုးစားနေ
by -
ညိမ်းသူ
မှတ်တမ်းတင်နိုင်ခဲ့သမျှ အပုဆုံးဖြစ်နိုင်သော မြန်မာနိုင်ငံသား ကလေးငယ် အရပ် ၂၅ လက်မရှိ အသက် ၁၀ နှစ်အရွယ် မောင်ဇော်ဗလအောင် (ခေါ်) ဗလကြီးကို ကမ္ဘာ့ထူးခြား ဆန်းကြယ်မှတ်တမ်း ဂင်းနစ်တွင် ပါရှိအောင် မိဘများက ကြိုးပမ်း....

မှတ်တမ်းတင်နိုင်ခဲ့သမျှ အပုဆုံးဖြစ်နိုင်သော မြန်မာနိုင်ငံသား ကလေးငယ် အရပ် ၂၅ လက်မရှိ အသက် ၁၀ နှစ်အရွယ် မောင်ဇော်ဗလအောင် (ခေါ်) ဗလကြီးကို ကမ္ဘာ့ထူးခြား ဆန်းကြယ်မှတ်တမ်း ဂင်းနစ်တွင် ပါရှိအောင် မိဘများက ကြိုးပမ်းနေကြသည်။

မောင်ဇော်ဗလအောင်ကို ကျောက်ပန်းတောင်းမြို့နယ် ထန်းပေါက်ကုန်းကျေးရွာနေ အဘဦးဝင်းလွင်၊ အမိဒေါ်ခင်လှတို့မှ မတ်လ ၁၀ ရက်၊ ၂၀၀၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၄ ဦးအနက် ဒုတိယမြောက်ဖြစ်ကာ တဦးတည်းသောသား ဖြစ်သည်။

လက်ရှိတွင် မောင်ဇော်ဗလအောင်၏ အရပ်မှာ ၂၅ လက်မ၊ ဦးခေါင်းပတ်လည် ၁၃ လက်မ၊ ကိုယ်အလေးချိန် ၁၀ ပေါင် ရှိသည်ဟု ရန်ကုန်မြို့ ကရဝိတ်ခန်းမတွင် ယနေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခွင့်ရှိသူ သတင်းထောက်ခင်က ပြောကြားသွားသည်။

မှုခင်းသတင်းထောက်တဦးဖြစ်သူ သတင်းထောက်ခင်က မိဘများကိုယ်စား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးခြင်း ဖြစ်သည်။

ဂင်းနစ်မှတ်တမ်း တင်နိုင်ရေးအတွက် မောင်ဇော်ဗလအောင်၏ ခန္ဓာကိုယ် အတိုင်းအထွာများနှင့် ဆေးမှတ်တမ်းများကို မေလနောက်ဆုံးပတ်က ပို့ထားပြီး ဖြစ်သည်ဟု သတင်းထောက်ခင်က ပြောသည်။

”ကျန်းမာရေး ဆေးစစ်ချက်တွေကတော့ ရှိတယ်။ အားလုံးကောင်းတယ်။ သူ့အရိုးကတော့ ကြီးထွားမှုနှုန်း မရှိတော့ဘူး ဆိုတာပဲသိတယ်” ဟု သူက ပြောသည်။

ရွှေရင်အေး မုန့်လက်ဆောင်းရောင်းချသူ ဖခင်က မိသားစု ၆ ဦးအတွက် လုပ်ကိုင်ကျွေးမွေးနေခြင်းဖြစ်ရာ ကရဝိတ်ခန်းမတွင် ယခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးရခြင်း အပေါ် ဝမ်းသာကြောင်း ပြောသည်။

ဂင်းနစ်မှတ်တမ်းက တရားဝင် အသိအမှတ်ပြုခဲ့သော ကမ္ဘာ့အပုဆုံးလူသား ဖြစ်ခဲ့သူမှာ တရုတ်နိုင်ငံသား He Pingping ဖြစ်ပြီး အရပ် ၂ ပေ၊ ၅.၃၇ လက်မဖြင့် အသက် ၂၁ နှစ်အရွယ် ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ သူ၏ နေရာကို ဆက်ခံသူနှင့်ပတ်သက်၍ ဂရင်းနစ်က ကြေညာခြင်း မပြုသေးသော်လည်း အသက် ၁၈ နှစ်အရွယ်၊ အရပ် ၂ဝ လက်မရှိ နီပေါနိုင်ငံသား Khagendra Thapa (Mangar) က သူသည် အပုဆုံးဖြစ်ကြောင်း ပြောထားသည်။

Most read this week