မြဝတီရုပ်မြင်သံကြားဌာနက တိုက်ရိုက်ထုတ်လွှင့်ပြသနေသော ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ နှစ်ရက်ကြာ ပြတ်တောက်မှုဖြစ်ပြီးနောက် ဘောလုံးဝါသနာရှင်များ စိတ်ပျက် လက်ပျက် ဖြစ်နေကြသည်။
တောင်အာဖရိကနိုင်ငံတွင် ယခုလ ၁၁ ရက်နေ့မှ စတင်ကျင်းပသော ဘောလုံးပွဲများကို မြဝတီ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရုပ်မြင်သံကြားတို့မှ နေ့စဉ် ၂ ပွဲနှင့် ၁ ပွဲ အသီးသီး တိုက်ရိုက် ထုတ်လွင့်ခဲ့သော်လည်း ဇွန် ၁၆ ရက်နေ့ကတည်းက မြဝတီရုပ်မြင်သံကြားက ထုတ်လွှင့်မှုမပြုနိုင်ဘဲ ဖြစ်သွားသည်။
“အစကတည်းက မလွှင့်နိုင်ရင် မလွှင့်နိုင်ဘူးပေါ့။ လေကြီးလေကျယ်တွေလျှောက်ပြီး ၆၄ ပွဲလုံး တိုက်ရိုက် လွှင့်မယ်လေး ဘာလေးနဲ့ သူတို့တွေ အမြဲတမ်း ပြောတမျိုး လုပ်တစ်မျိုးချည်းပဲ” ဟု ရန်ကုန်မြို့ခံ ပရိသတ်တဦးက မဇ္စျိမကို ပြောသည်။
စက်ချို့ယွင်းမှုကြောင့် ပြသမှုရပ်ဆိုင်းရခြင်းဖြစ်သည်ဟု တနိုင်ငံလုံးအတွက် မြဝတီနှင့် မြန်မာ့ရုပ်သံတို့မှ ကမ္ဘာ့ဖလား ပွဲစဉ်များကို ပြသခွင့် ကန်ထရိုက်ယူထားသော မိုးဆန်းပန်း မီဒီယာကုမ္ပဏိီက ပြောသည်။
မိုးဆန်းပန်းမီဒီယာမှာ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ဥက္ကဌ နအဖ ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၏သား ဦးဇော်မင်းအေး ပိုင်ဆိုင်သည်။
“FIFA ဘက်က လွှင့်တဲ့စက်နဲ့ ကျနော်တို့ဆီမှာ တပ်ထားတဲ့ လက်ခံတဲ့စက် အကြားမှာ Technical Problem (နည်း ပညာပိုင်း ပြဿနာ) ဖြစ်လာတယ်။ အဲဒါကို အင်ဂျင်နီယာ ၁၁ ယောက်လောက်က ဝိုင်းဝန်းဖြေရှင်းနေကြတယ်” ဟု မိုးဆန်းပန်းမှ အဆင့်မြင့်ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။
ဇွန် ၁၆ ရက်နေ့က နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားနှင့် စစ်တပ်ပိုင် မြဝတီရုပ်သံတို့တွင် ကမ္ဘာ့ဖလားဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု ရပ်သွားသော်လည်း နောက်ရက် များတွင် မြန်မာ့ရုပ်သံတွင် တနေ့လျှင် တပွဲစီ ပြသသည်။
မြဝတီမှ အခမဲ့ထုတ်လွှင့်မှု ရပ်ဆိုင်းသွားသည့်အတွက် ရန်ကုန်မြို့နေ ဘောလုံးပရိသတ်များမှာ ဂြိုလ်တုစလောင်းရှိသည့် ဘီယာ၊ အရက်နှင့် လက်ဖက်ရည်ဆိုင်များသို့ စုပြံုရောက်ရှိကုန်သည်။
ဂြိုလ်တုစလောင်း အလှမ်းဝေးသော ကျေးလက်နေ ဘောလုံးဝါသနာရှင်များအတွက် နေမထိထိုင်မသာ ဖြစ်ကုန်တော့သည်။
“အရင်ရက်တွေကဆို ညနေ ၅ နာရီခွဲလောက်ကတည်းက ဘုန်းကြီးကျောင်းကို အကုန်ရောက်နေတာ။ အခု ညနေ ၆ နာရီထိုးဆို ရေနွေးကြမ်းပဲ သောက်ရမလိုလို၊ တခြားအိမ်ပဲ သွားလည်ရမလိုလိုနဲ့ နေရတာ အစဉ်မပြေပါဘူးကွာ” ဟု မကွေးတိုင်း နတ်မောက်မြို့နယ် နှောကန်ရွာခံတဦးက မဇ္စျိမကိုပြောသည်။
လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်မီးသွယ်တန်းပေးထားခြင်းမရှိဘဲ အိမ်ခြေ ၁ဝဝ ကျော်ရှိသော ထိုရွာမှ ရွာဦးဘုန်းကြီးကျောင်းတွင် ရုပ်မြင်သံကြားစက်တလုံးသာရှိသည်။
လျှပ်စစ်မီး ပုံမှန်မရရှိသဖြင့် ကမ္ဘာ့ဖလားပွဲ မတိုင်ခင်ကပင် သူငယ်ချင်းများစု၍ မီးစက်တလုံး ကြိုဝယ်ထားခဲ့သော်လည်း ယခုကဲ့သို့ ရုပ်သံလိုင်းများ ပြတ်တောက်သဖြင့် အစိုးရကို အမျက်ဒေါသ ထွက်နေသူများထဲ၌ ပဲခူးမြို့ခံတဦးလည်း ပါဝင်သည်။
ကမ္ဘာ့ဖလားဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်ခွင့်ကို Yangon Entertainment ကုမ္ပဏီထံမှ မိုးဆန်းပန်း မီဒီယာကုမ္ပဏီက လွှဲပြောင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။
မည်သည့်စျေးဖြင့် ကန်ထရိုက်ရယူခဲ့သည်ကိုမူ မိုးဆန်းပန်းက ပြောဆိုရန် ငြင်းဆိုသည်။
http://mizzimaburmese.com/news/inside-burma/5539-2010-06-18-12-49-52.html