ကရင်နီပြည်ရှိ တောတွင်း၌ ပုန်းအောင်နေသည့် ရွာပုန်းရွာရှောင် အိုင်ဒီပီများအား စစ်အစိုးရတပ်များမှ ကိုယ်ထိလက်ရောက် ညှင်းပမ်းနှိပ်စက်ကာ သတ်ဖြတ်သည့် လုပ်ရပ်များ လျော့ပေါ့သွားသော်လည်း ခြိမ်းခြောက်မှု အမျိုးမျိုးတို့သည် မကြာခဏ ရှိနေပြန်သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
၂၀၁၀ ခုနှစ်အတွင်းတွင် ကရင်နီကျေးရွာလူထုများက စစ်အစိုးရတပ်များ၏ လမ်းပြအဖြစ် အသုံးပြု ခေါ်ဆောင်သွားခြင်း၊ အထမ်းသမား ပေါ်တာအဖြစ် ဆွဲခေါ်သွားခြင်း၊ ဗမာစကား မပေါက်ခြင်းကြောင်း ညှင်းပမ်းနှိပ်စက်မှုများကို ခံနေကြရသည်။
၂၀၁၀ ခုနှစ်မှ စတင်၍ ကျေးရွာလူထုများအပါ် စစ်အစိုးရတပ်များ၏ လူမဆန်သော ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်မှု လုပ်ရပ်များသည် လျော့နည်းသွားကြောင်း၊ သို့သော် လုပ်အားပေး ခိုင်းစေမှုများနှင့် သတင်းပေးပို့မှုများသည် ရွာသူရွာသားများက မဖြစ်မနေ လုပ်ဆောင်နေရပြန်သည်ဟု အမှတ်၂ ခရိုင်မှ ပြည်တွင်း ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။
၎င်းက “၁၉၉၆ စစ်အစိုးရရဲ့ ဖြတ်လေးဖြတ် ခေတ်တုန်းကနဲ့ နိုင်းယှဉ်မယ်ဆိုရင် အပေါ်ယံလွှာနဲ့ ကြည့်မယ်ဆိုရင်ပေါ့ တကယ် ကိုယ်ထိလက်ရောက် စော်ကားတာ မခံရကြတော့ပါဘူး။ ဒါပေမယ့် စစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတဲ့အခါကျတော့ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ စိတ်ထဲမှာ စိုးရိမ်မှု အပြည့်နဲ့ ရွာသားတွေရဲ့ ကြောက်ရွံ့မှုက ဆက်လက်ရှိနေတုန်းပါ” ဟု ပြောသည်။
စစ်အစိုးရတပ်များ၏ ကိုယ်ထိလက်ရောက် ပြုမူမှုများသည် မရှိသော်လည်း ရွာသူရွာသားများအား တပ်စခန်းအတွက် သစ်ခုတ်ခြင်း၊ ၀ါးခုတ်ခြင်းနှင့် ရှင်းလင်းခြင်း စသည့်များကို လုပ်အားပေးများကို ခိုင်းစေလေ့ရှိနေသေးကြောင်း၊ သူပုန် လှုပ်ရှားမှုနှင့် ပတ်သက်၍ တလတကြိမ် ပုံမှန် သတင်း ပေးပို့ခိုင်းခြင်းများသည်လည်း ရှိနေသေးကြောင်း ဒေသခံရွာသားတဦးက ပြောသည်။
“ရွာသားတွေက နေ့တိုင်း လိုလို မိသားစု စားဝတ်နေရေးအတွက် ရုန်းကန် နေကြရတဲ့ အချိန်မှာ ဒီလို လုပ်အားပေးအတွက် လူတောင်းလာတာကြောင့် အလုပ်နောက်ကျ ကျန့်ကြာခဲ့တာတွေ ရှိတယ်။ တခါတလေ တပ်အတွက် လူမပေးနိုင်တာတွေ ရှိတယ်။ သတင်း မပေးနိုင်တာတွေ ရှိတယ်၊ သတင်းတွေ မပေးပို့နိုင်တာက အခု လောလော ဆယ်မှာတော့ ထုတယ်၊ ရိုက်တာရယ် မရှိပါဘူး။ တဘက်မှာက ခြိမ်းခြောက်တာပေါ့။ ဒီတပတ် တပ်အတွက် သတင်းမပေးပို့နိုင်တာ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ နောက်တခါ ဆိုရင် ဒီလိုမျိုး မဖြစ်စေနဲ့လို့ပဲ ပြောတယ်။ ပေါ်ပေါ်လွင်လွင် လူ့အခွင့်အရေး ချိုးဖောက်တာတွေ မရှိပေမယ့် ခြိမ်းခြောက်မှုက ရှိနေတယ်” ဟု သူက ပြောပါသည်။
၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ကရင်နီပြည်တွင်းရှိ အိုင်ဒီပီများသည် စစ်အစိုးရတပ်များ၏ အုပ်ချုပ်မှုအောက်၌ ဆက်လက်ကျရောက်မည် ဖြစ်သောကြောင့် ဒုကအမျိုးမျိုး ရင်ဆိုင်ကြံုတွေ့နိုင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဒုကသည်စခန်း ရှိရာသို့ ထွက်ပြေးလာနိုင်ကြအုံးမည်ဖြစ်ကြောင်း ကရင်နီလူမှု ကယ်ဆယ်ရေးနှင့် ဖွ့ံဖြိုးရေး ပင်မ ဌာန (KSWDC) မှ ဒါရိုက်တာ ခူးဖဲဘူးက သုံးသပ်ပါသည်။
၎င်းက “စစ်ကြောင့် အစုလိုက်အပြံုလိုက် ထွက်ပြေးလာတာ မရှိတော့ပေမယ့် စစ်ရဲ့ အကျိုးဆက်ကြောင့်ဖြစ်စေ၊ စီးပွားရေး ခြောက်ကပ်လို့ စားဝတ်နေရေး အဆင်မပြေလို့ ဖြစ်စေ၊ သဘာဝ ဘေးဒဏ်ကြောင့်ဖြစ်စေ တနေ့ထက် တနေ့ ထွက်ပြေးလာကြအုံးမှာ ဖြစ်တယ်” ဟု ပြောဆိုသွားပါသည်။