ကျနော်တို့ နိုင်ငံတော်ကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ လိုအပ်ကြောင်းကို ၁၉၄၈ ခုနှစ် မတိုင်မီ ကနေ ဒီကနေ့အထိ လူအတော်တော်များများက ရေးလာကြ၊ ပြောဆိုနေကြပါတယ်။ ကျနော် ကိုယ်တိုင်လည်း ဒီအကြောင်းတွေကို ရေးခဲ့ဖူးသလို ပြောဆို ဆွေးနွေးခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီကနေ့အထိ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဆန့်ကျင်နေသူတွေ၊ လက်မခံနိုင်သူတွေ အတော်တော်များများ ရှိနေပါသေးတယ်။ ဒီလိုအုပ်စု ထဲမှာ အခြေအနေမှန်ကိုမသိတဲ့၊ ရိုးသားတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေ၊ လူငယ်တွေ အတော်တော်များများ ပါဝင်နေတာကို တွေ့ရပါတယ်။
အထူးသဖြင့် တိုင်းရင်းသား နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် မဆက်ဆံဘူးတဲ့ ဗမာ လူငယ်တွေထဲမှာ ဒီလိုအမြင် သဘောထားတွေ ရှိနေဆဲပါ။
ဒီကနေ့လို နိုင်ငံရေးအခြေအနေ ဆိုးတွေနဲ့ ရင်ဆို်င် ကြံုတွေ့နေရတဲ့ ကာလမှာတောင် ဒီလိုအမြင်မျိုးတွေ ဆက်လက်ရှိနေသေးတာဟာ အခြေအနေဆိုးကို သက်ဆိုး ရှည်အောင် အားပေး ထောက်ကူနေသလိုဖြစ်နေလို့ ဒီအကြောင်းအရာကိုပဲ ကျနော်ထပ်ပြီး အခုလို ရေးရတာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေကို နားလည် ကျေညက်ပြီးသူ စာဖတ်ပရိတ်သတ်များအနေနဲ့ ခွင့်လွှတ်သီးခံ စေချင်ပါတယ်။
ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ အဓိပ္ပါယ်ဟာ စစ်မှန်တဲ့ ပြည်ထောင်စု (ဒါမှမဟုတ်) ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဖက်ဒရယ် (ဖက်ဒရေးရှင်း) ဆိုတာ ခွဲထွက်ရေး၊ ပြိုကွဲရေးမဟုတ်ပါ။ ပူးပေါင်းခြင်း၊ စုပေါင်း ဖွဲ့စည်းခြင်းလို့သာ အဓိပ္ပါယ် ဆောင်ပါတယ်။
အမှန်တော့ ဖက်ဒရယ်ကို ခွဲထွက်ရေး၊ ပြိုကွဲရေးလို့ လူတွေ ထင်ယောင်ထင်မှား ဖြစ်သွားအောင် လုပ်ခဲ့တာက (၁၉၆၂) ခုနှစ်မှာ တိုင်းပြည်အာဏာ သိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်နေဝင်း နဲ့ စစ်ခေါင်းဆောင် တွေသာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်နေဝင်းနဲ့ အာဏာရ စစ်ဗိုလ်ချုပ် တွေဟာ ၎င်းတို့အာဏာသိမ်းတဲ့ ကိစ္စကို ပြည်သူလူထုက အပြစ်မမြင် အကောင်းထင်လာအောင်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက် ရေးကို တောင်းဆိုခဲ့ကြတဲ့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ၎င်းတို့ အဖွဲ့ဝင်တွေအပေါ် လူထုက အဆိုးမြင် အပြစ်တင်လာအောင် ထွင်လိုက်တဲ့ သဘောတရား သက်သက်သာ ဖြစ်ပါတယ်။ ဒါကို မျိုးဆက်သစ် ဗမာလူငယ်တွေ နားလည် နှလုံးသွင်းဖို့ လိုပါတယ်။
တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဘာကြောင့် တောင်းဆို ရတာလဲ။ ဒါကိုရိုးသားတဲ့ မျိုးချစ် ဗမာလူငယ်တွေ တွေးခေါ်၊ သုံးသပ်နိုင်ဖို့ ကျနော် အကျဉ်းချုပ် တင်ပြလိုပါတယ်။
ကျနော်တို့ နိုင်ငံဟာ လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့နိုင်ငံ ဖြစ်သလို၊ လူမျိုးပေါင်းစုံက ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ လူမျိုး ပေါင်းစုံဆိုပေမယ့် စစ်ခေါင်းဆောင်တွေ ပြောဆိုသုံးနှုံး နေကြသလို လူမျိုးစု (၁၃၅) မျိုး ဆိုတာတော့ မဟုတ်ပါဘူး။ ပြည်နယ် (၁ဝဝ) ကျော် တည်ဆောက်ဖို့့ ဘယ်သူတွေ၊ ဘယ်တုန်းကမှလည်း တောင်းဆို၊ ပြောဆိုခဲ့တာလည်း မရှိခဲ့ပါဘူး။
ဒါပေမယ့် (၈) ပြည်နယ်ကို တည်ဆောက်ဖို့ တောင်းဆိုခဲ့တာတော့ ရှိတယ်။ ဘာ့့ကြောင့် ဒီလို တောင်းဆိုကြရတာလဲ ဆိုတာကို ရှင်းလင်း ပြောဆိုရရင်တော့-
၁၉၄၇ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်နယ် (၃) ခု၊ ဝိဒေသတိုင်း (၁) ခု နဲ့ ပြည်မ ဆိုပြီး ဖွဲ့စည်းခဲ့တယ်။ ဗမာတွေက ပြည်မကို ရယူထားပြီး၊ ပြည်နယ်တွေ၊ ဝိဒေသတိုင်းတွေ ကိုကျတော့ ပြည်မ အာဏာနဲ့ တိုက်ရိုက် လွှမ်းမိုးထားလိုက်တယ်။
၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျပြန်တော့ ပြည်နယ် (၇) ခု၊ တိုင်း (၇) ခုနဲ့ ခွဲခြားထားတယ်။ ဒါပေမယ့် ပြည်နယ်နဲ့ တိုင်းတွေကို ကိုယ်ပိုင်စီမံခန့်ခွဲဖို့ အာဏာ ပေးထားခြင်း မရှိပြန်ဘူး။ နာမည်ခံလောက်သာရှိပြီး၊ အာဏာအားလုံးကို ဗဟိုအစိုးရက ချုပ်ကိုင်ထားပြန်တယ်။
ဒါကြောင့် ဒီလိုအတုအယောင် ပြည်ထောင်စုတွေနဲ့ တွေ့ကြံုခဲ့ရတာ အကြိမ်များလာလို့ ပြည်ထောင်စုအစစ်အမှန်ဆိုတာကို ဖော်ဆောင်ပေးလာအောင် ဖက်ဒရယ် ပြည်ထောင်စုကို တောင်းဆိုရတာ ဖြစ်ပါတယ်။
(၈) ပြည်နယ်နဲ့ ဖွဲ့စည်းဖို့ဆိုတာက လူမျိုးကြီး (၈) မျိုးကို အခြေခံတာ ဖြစ်ပါတယ်။
အခုလို ပြောဆိုလိုက်တဲ့အတွက် ကျန်တဲ့ လူမျိုးစုတွေကို လျစ်လျူရှုထားတာ မဟုတ်ပါဘူး။ သူတို့အတွက်လည်း သင့်တော်သလို အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လူမျိုးစုဒေသ ဆိုပြီး သတ်မှတ်ပေးထားပြီး၊ သင့်တော်တဲ့ အာဏာတွေ အခွင့်အရေးတွေ ပေးထားရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် လူမျိုးစု တစုရဲ့ ဝါးမျိုခြင်း မဖြစ်ရလေအောင် အာဏာတွေ အခွင့်အရေးတွေ ခွဲဝေပေးထားရမှာ ဖြစ်ပါတယ်။
ဒီလိုပုံစံမျိုးနဲ့ ဖွဲ့စည်းဖို့ ဘာကြောင့် လိုအပ်သလဲဆိုရင်-
၁။ မတူညီတဲ့ လက္ခဏာရပ်တွေနဲ့ သမိုင်းနောက်ခံ
၂။ သီးခြားစီ ရပ်တည်နေထိုင်နိုင်တဲ့အခြေအနေ
၃။ တန်းတူညီမျှရေးမှ စုပေါင်းညီညွတ်မှုရှိစေရန် တို့ ဖြစ်ပါတယ်။
ဒီအခြေခံ (၃) ခုကြောင့် ဖက်ရယ်ပြည်ထောင်စုမျိုး ဖွဲ့စည်းဖို့ လိုအပ်တာ ဖြစ်တယ်။
ဒီအခြေခံ (၃) ရပ်ကို အသေးစိတ် ထပ်မံ ရှင်းလင်းချက် ပေးရမယ်ဆိုရင်-
၁။ မတူညီတဲ့ လက္ခဏာရပ်တွေနဲ့ သမိုင်းနောက်ခံ
လူမျိုးစုကြီး (၈) မျိုးဆိုတဲ့ ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ ချင်း၊ ဗမာ၊ ရခိုင်၊ ရှမ်း လူမျိုးစုတွေဟာ တမျိုးနဲ့ တမျိုးမတူညီတဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေနဲ့ မတူညီတဲ့ သမိုင်းကြောင်း နောက်ခံတွေ ရှိနေကြတယ်။ ဒီနေရာမှာ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု မတူညီတာကို အသေးစိတ် ရှင်းပြဖို့ လိုအပ်မယ် မထင်တဲ့ အတွက် ချန်လပ်ထားခဲ့ပါရစေ။
ဒီလူမျိုးစုတွေဟာ ဒီနိုင်ငံရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဒီနေ့ သူတို့အခြေပြု နေထိုင်နေကြတဲ့ နေရာဒေသတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီ ကျော်ကတည်းက အခြေချ နေထိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ (၁၁) ရာစု မတိုင်မီကဆိုရင် အနောက်ဘက်မှာ ရခိုင်ပြည်၊ တောင်ဘက်မှာ မွန်ပြည်နယ်၊ အလယ်ပို်င်း အညာဒေသမှာ ဗမာပြည် ဆိုပြီး ထင်ထင်ရှားရှား ရှိနေခဲ့တယ်။
အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား စတဲ့ ဗမာဘုရင်တွေ စစ်အင်အား ကောင်းချိန်မှာ အခြားလူမျိုးတွေရဲ့ နိုင်ငံတွေက်ို အင်အားသုံး တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အမြဲတမ်း သိမ်းပိုက်ထား နိုင်သလားဆိုတော့ မဟုတ်ပါဘူး။ နှစ်ဆယ်ရာစု အချို့မှာ မူလ သူ့ပြည်၊ သူ့နိုင်ငံနဲ့ သူ ပြန်လည်ဖြစ်ခဲ့ကြတာ သမိုင်းကို လေ့လာသူတိုင်း လက်ခံ၊ နားလည်ပြီး သိနေကြပါတယ်။
ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ ချင်း၊ ရှမ်း တွေဟာ သီးခြား သူ့နိုင်ငံ၊ သူ့ဘုရင်တွေနဲ့ အုပ်ချုပ်နေထိုင်ခဲ့တာ မဟုတ်ပေမယ့်၊ ဒူးဝါး၊ စော်ကဲ၊ စောဖြာ၊ စော်ဘွား၊ တောင်ပိုင်၊ တောင်အုပ် တွေနဲ့ အသီးသီး သက်ဆိုင်ရာ လူမျိုးကို ၎င်းတို့ အကြီးအကဲတွေက အသီးသီး အုပ်ချုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပဒေသရာဇ်ဘုရင် ခေတ်တွေမှာ လက်အောက်ခံဘဝ ရောက်ခဲ့ရင်တောင်မှ ဘဏ္ဍာဆက်သနိုင်၊ လိုအပ်လာရင် စစ်သား ပို့ပေးနိုင်ရင် ပြီးတာပါပဲ။ လက်တွေ့အရ သူ့လူမျိုး နဲ့သူ အုပ်ချုပ်ခဲ့ကြတာ ခေတ် အဆက်ဆက်ကပါ။
ရှမ်းလူမျိုးတွေက တခါတရံမှာ ဘုရင်တွေနဲ့ သီးခြားနိုင်ငံဖြစ်ခဲ့ဘူးတယ်။ ကရင်နီ (ကယား) တွေ ကတော့ ၁၈၇၅ ခုနှစ်မှာ မင်းတုန်းမင်းရဲ့ ကိုယ်စားလှယ် ကင်းဝန် မင်းကြီးနဲ့ အင်္ဂလိပ် အစိုးရရဲ့ ကိုယ်စားလှယ် ဆာဒေါက်ကလပ်ဖေါဆစ်တို့ သဘောတူ လက်မှတ်ရေးထိုးပြီး၊ သီးခြား နိုင်ငံတခုအဖြစ်နဲ့ တည်ရှိလာခဲ့တာ ၁၉၄၇ ခုနှစ် အထိ ဖြစ်တယ်။
ဒီလိုသမိုင်း နောက်ခံ အခိုင်အမာရှိလာခဲ့တာကို ပစ်ပယ်မေ့ပျောက်ထားလို့ မရပါဘူး။ အင်္ဂလိပ်တွေ အုပ်စိုးခဲ့တဲ့ ကာလမှာ တောင်တန်းဒေသနဲ့ မြန်မာပြည်မဆိုပြီး သီးခြားစီ ဖြစ်ခဲ့ဘူးတယ်။
ဒီလို တသီးခြားစီ နှစ်ပေါင်းကြာရှည်စွာ ရှိခဲ့တာကို ပေါင်းစပ်စုစည်းဖို့ ရှေးလူကြီးတွေရဲ့ သဘောထား တွေနဲ့ ကတိစကားတွေကိုလည်း ပြန်လည် လေ့လာဖို့ လိုပါတယ်။
၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလမှာ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံမှာ ကျင်းပခဲ့တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) ရဲ့ ပထမအကြိမ် ပြည်လုံး ကျွတ် ညီလာခံမှာ “လွတ်လပ်တဲ့ ဗမာပြည်သစ်ကို တည်ထောင်ရာမှာ မည်သည့် တိုင်းရင်းသားလူမျိုးစုကိုမဆို ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ပေးမယ်။ ခွဲထွက်လိုတဲ့ အခါ ခွဲထွက်ခွင့်ပေးမယ်” လို့ ချမှတ်ထားတာလည်း ရှိပါတယ်။
၁၉၄၆ ခုနှစ်၊ မတ်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့၊ ပထမ ပင်လုံအစည်းအဝေးမှာ၊ ဖဆပလ ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့တဲ့ ဦးနုနဲ့ ဦးဘဂျမ်းတို့က ဒီစကားကိုပဲ ထပ်မံ ထုတ်ဖေါ်ပြောဆိုခဲ့ကြပြီး၊ တိုင်းရင်းသား အားလုံး ညီညွတ်ရေးကို ဖော်ဆောင် တည်ဆောက် ခဲ့ကြပါတယ်။
၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁ဝ) ရက်နေ့ ပင်လုံညီလာခံ မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက “ဗမာတွေ ဗြိတိသျှ ကျွန်မဖြစ်ချင်သလို တောင်တန်းသားတွေကိုလည်း ဗြိတိသျှကျွန် မဖြစ်စေလိုကြောင်း၊ ထို့အတူ တောင်တန်းသားတွေကို ဗမာကျွန် မဖြစ်စေရဘူး” ဆိုပြီး ပဋိညာဉ် အဖြစ်နဲ့ ကတိ ကဝတ်ပြု ပြောဆိုခဲ့တာ ရှိပါတယ်။
ဒီလို ကတိကဝတ်တွေ နားလည်မှုတွေနဲ့ ပင်လုံစာချုပ်ဆိုတဲ့ သဘောတူညီမှု ရယူခဲ့တာကို ဒီကနေ့ ဗမာလူမျိုးတွေ မေ့ပျောက်မထားကြဖို့ အရေးကြီး လိုအပ်ပါတယ်။
ပင်လုံစာချုပ် အခြေခံသဘောထားကတော့-
၁။ ပြည်ထောင်စုအရ ပူးပေါင်းခြင်း။
၂။ အခွင့်အရေးနဲ့ အဆင့်အတန်း တူညီရေး။
၃။ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရေး။
၄။ ခွဲထွက်လိုပါက ခွဲထွက်ခွင့် ရှိရေးဆိုတဲ့ အခြေခံသဘောထား (၄) ရပ် ရှိပါတယ်။
ဒီအခြေခံမူတွေနဲ့ စုစည်းပြီး၊ လွတ်လပ်ရေးကို အတူတကွရယူဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဟိုတုန်းက ဒီလိုသာ သဘောထားမရှိခဲ့ရင် မြန်မာပြည်လို့ခေါ်တဲ့ ကျွန်တော်တို့ ပြည်ထောင်စုရဲ့ နယ်နိမိတ်ဟာ ဒီနေ့လို အနေအထားမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရပြီးတဲ့နောက််မှာတော့ လက်တွေ့ အကောင်အထည်ဖော်ခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အထက်ပါ အနစ်သာရ၊ သဘောထားတွေ လုံးဝပျောက်ကွယ်နေတာ ၀မ်းနည်းစွာ တွေ့ရပါတယ်။
ပုံသဏ္ဍာန်အရ မြန်မာပြည်ဟာ ပြည်ထောင်စုအသွင် ပေါက်ပေမယ့် ပြည်မဖြစ်တဲ့ ဗမာလူမျိုးတွေက ပြည်နယ်တွေဖြစ်တဲ့ တိုင်းရင်းသား လူမျိုးတွေအပေါ်မှာ လွှမ်းမိုး ချုပ်ကိုင်ထားလို့ အနှစ်သာရအရ တပြည်ထောင်စနစ် ဖြစ်နေပါတယ်။ ဒီဖွဲ့စည်းပုံကို ဒိုင်ခံရေးသားခဲ့သူ ဦးချန်ထွန်း ကို်ယ်တိုင်ကလည်း ဝန်ခံခဲ့ပြီးသား ဖြစ်ပါတယ်။
ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ဘယ်ပြည်နယ်ကမှ တောင်းဆိုခဲ့ခြင်း မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံငယ်လေးနဲ့ ရပ်တည်ဖို့ဆိုတာ အန္တာရယ်ကြီးမားကြောင်း အဲဒီအချိန်မှာ အားလုံးက နားလည်ခဲ့ကြပါတယ်။
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကရင်၊ မွန်နဲ့ ရခိုင်လူမျိုးတွေဟာ ဘာအခွင့်အရေးမှ မရခဲ့ကြပါဘူး။ ဒါကို မကျေနပ်တဲ့အတွက် တောင်းဆိုခဲ့ကြရာက အစိုးရက အကြမ်းဖက်နည်းနဲ့ ကိုင်တွယ် ဖြေရှင်းခဲ့လို့ တိုင်းရင်းသားတွေရဲ့ တော်လှန်ပုန်ကန်မှုက စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပွဲကြမ်းခဲ့အပြီး၊ ၁၉၅၁ ခုနှစ်မှာတော့ ကရင်ပြည်နယ်ကို ဖော်ထုတ်ပေးခဲ့တယ်။ ဒါပေမယ့် မြေပြန့်နဲ့ ကမ်းရိုးတန်းဒေသမှာ နေထိုင်ကြတဲ့ မွန်နဲ့ ရခိုင်တွေကိုတော့ အခွင့် အရေး မပေးတဲ့အပြင်၊ ဗမာ စာရင်းထဲမှာ သွတ်သွင်းပြီး လုံးဝ ဖုံးကွယ် ဝါးမျိုခဲ့ကြပါတယ်။