ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်နှင့် လွဲမှားပြောဆိုနေမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း မီးသတ်ဌာမှ တိုင်းမီးသတ်ဦးစီးမှူး ဦးသင်းဌေးရွှေ က ပြောသည်။
ယခုလ ၂၄ ရက်နေ့၌ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာစျေးကြီးတွင် နာရီ ၃ဝ ကျော် မီးလောင်မှုဖြစ်ပွားမှုနောက် စျေးသူစျေးသားများ၏ ပြစ်တင်မှုတွင် မီးသတ်ကားများ ရေမပါလာဟု ပါရှိသည်။
“မီးသတ်ကားတစီးဟာ ရေပက်ပြီဆိုရင် သူ့ရဲ့ရေထွက်နှုန်းအရှိန်နဲ့ ၃ မိနစ်နဲ့ ၅ မိနစ်အကြားပဲ ခံပါတယ်။ ခဏလေး ပက်လို့ ရေကုန်တာမြင်တာနဲ့ ရေမပါဘူး ပြောကြတယ်။ ကျနော်တို့တွေမှာ တကယ်လုပ်ရဲ့သားနဲ့ အပြစ်တင်ခံနေရတယ်” ဟု ဦးသင်းဌေးရွှေက မဇ္စျိမကို ပြောသည်။
မင်္ဂလာစျေး မီးလောင်မှုကို ငြိမ်းသတ်ရာတွင် မီးသတ်တပ်ဖွဲ့အင်အား ၁၅ဝဝ ဦးနှင့် မီးသတ်ကား အစီး ရဝ ကျော် အသုံးပြုကာ မနားမနေ ငြိမ်းသတ်ခဲ့ရပြီး မီးသတ်သမား ၂ ဦး မီးခိုးမွန်းကြပ်မှုခံရပြီး တဦးမှာ မီးသတ်ပိုက် ခေါင်းဖြင့်ရိုက်မိသဖြင့် ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။
မင်္ဂလာစျေး စတုတ္ထထပ်ရှိ ဆေးဆိုင်ပိုင်ရှင်တဦးက အထပ်မြင့်များသို့ လှေကားများဖြင့် တက်၍ ထိထိရောက်ရောက် ပက်ဖျန်းနိုင်သည့် မီးသတ်ကားနည်းသဖြင့် စတုတ္တထပ်နှင့် ခေါင်မိုးထပ်တို့ မီးလောင်ကုန်သွားရသည်ဟု စွပ်စွဲပြောဆိုသည်။
ယင်းသို့ အချိန်ကြာ လောင်ကျွမ်းမှုကြောင့် စတုတ္ထထပ်ရှိ အလှကုန်နှင့် ဆေးဆိုင်ခန်းပေါင်း ရ၉၇ ခန်းနှင့် ပဥ္စမ ထပ်ရှိ စားပွဲဝိုင်း ၁ ရာကျော် ဆံ့သည့် STYLE 3 စင်တင်တေးဂီတ စားသောက်ဆိုင် အပါအဝင် စားသောက်ဆိုင် ၄၈ ဆိုင် မီးထဲပါသွားကြောင်း သိရသည်။ ဆုံးရှုံးမှု စုစုပေါင်း ခန့်မှန်း တန်ဘိုး ကျပ်သိန်းပေါင်း ၂ဝ၉၂၆၃ သိန်းရှိ ပြီး မီးပေါ့ဆမှုဖြင့် ဆိုင်ပိုင်ရှင် ၃ ဦးအား အရေးယူထားကြောင်းလည်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။
အဆောက်အအုံမြင့်များသို့ လှေကားဖြင့် တက်ရောက်ပက်ဖြန်းနိုင်သည့် မီးသတ်ကားမှာ ရန်ကုန်တိုင်း တခုလုံး အတွက် ရ စီးသာရှိပြီး ပိုမိုလိုအပ်နေသေးသည်ဟု ဦးသင်းဌေးရွှေက သဘောတူသော်လည်း ပြည်သူများ အနေ ဖြင့်လည်း မီးဘေး အရေးပေါ် သုံးစွဲနိုင်ရန် ဓာတုမီးသတ်ဗူးများသုံးစွဲမှု အားနည်းသေးကြောင်း ထောက်ပြသည်။
“မီးဘေးကာကွယ်ရေးအတွက်တော့ နိုင်ငံတကာအဆင့်မှီအောင် လုပ်နေတုန်းပါပဲ။ ဘယ်လောက် အဆင့်မှီ အောင်ပဲ လုပ်လုပ် နည်းပညာပိုင်းနဲ့ သုံးစွဲမှုအပိုင်းမှာ အားနည်းနေရင် ဖြစ်တတ်ပါတယ်” ဟု သူက ပြောသည်။
မင်္ဂလာစျေး စတုတ္ထထပ်ရှိ ဆေးဆိုင်ခန်းများ၏ ဖွဲ့စည်းပုံကြောင့် မီးသတ်သမားများအတွက် အခက်အခဲဖြစ်ပြီး ကြန့်ကြာမှုဖြစ်စေခဲ့ကြောင်း ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်း မီးသတ်ဌာန ရုံးတာဝန်ကျ မီးသတ်သမား တဦးက ပြောသည်။
“ကျနော်တို့လည်း တနေကုန် မနားမနေ ပက်တာပဲ။ သူတို့ဆိုင်ခန်းတွေအားလုံးက အလျူမီနီယံတခါးတွေနဲ့ သော့ခတ်ပြီး ပိတ်ထားတာပါ။ မီးက အထဲထဲမှာ လှိုက်ပြီးလောင်နေတော့ မီးသတ်ရတာ အင်မတန်ခက်ပါတယ်။ ဆိုင်ခန်းတခုချင်းစီသော့တွေဖျက်ပြီး ငြိမ်းရတာဆိုတော့ ကြာသွားတာပေါ့” ဟု သူက မဇ္စျိမကို ပြောသည်။
ယခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းတွင်လည်း သင်္ဃန်းကျွန်းစျေးကြီး မီးလောင်ခဲ့ရာ ဆိုင် ၆၅၁ ခန်းခန့် ဆုံးရှုံးခဲ့သည်။ ထို့ပြင် မတ်လ ၁ ရက်နေ့တွင်လည်း ရန်ကုန်မြို့သိမ်ကြီးစျေး D ရုံတွင် မီးလောင်မှုတခု ဖြစ်ပွား ခဲ့သေးသည်။
၂ဝဝ၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကလည်း မန္တလေးမြို့ ၃၂ လမ်းနှင့် ရ၈ လမ်းထောင့်တွင်တည်ရှိသော ရတနာပုံစျေးတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်စတင်ခဲ့ရာ မြေညီထပ်ရှိ ဆိုင်ခန်းပေါင်း ၁၂၉၃ ခန်း မီးထဲ ပါသွားခဲ့သည်။
တနိုင်ငံလုံး၌ ယခုနှစ် ဇန်နဝါရီလ တလထဲတွင်ပင် မီးလောင်မှုပေါင်း ၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း တခု တည်း၌ ၂၆.၅ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း မီးဖိုနှင့် ပေါ့ဆမီးမှ ၆၅ ကြိမ်၊ လျပ်စစ်မီးမှ ၁၁ ကြိမ်၊ ရှို့မီး ၁၁ ကြိမ်၊ တောမီးမှ ၁ ကြိမ်နှင့် အလိုလျောက်လောင်မှု ၁ ကြိမ်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန် ထားသည်။
၂ဝဝ၉ ခုနှစ်ထဲတွင် နိုင်ငံတဝန်း မီးလောင်မှု ရ၁၄ ကြိမ်ရှိခဲ့ပြီး လျပ်စစ်မီးမှဖြစ်ပွားသည့် မီးလောင်မှုပေါင်း ၁၄၇ ကြိမ် ဖြစ်သည်ဟု ပါရှိသည်။