ယာဉ်တိုက်မှုဖြစ် ဒုက္ခသည်များ ဇွန် ၃ ရက်နေ့ အမေရိကန် သွားမည်

ယာဉ်တိုက်မှုဖြစ် ဒုက္ခသည်များ ဇွန် ၃ ရက်နေ့ အမေရိကန် သွားမည်
by -
ကျော်ခ
အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနေခါနီး ယာဉ်တိုက်မှုဖြစ်၍ ဒဏ်ရာရကာ ဆေးရုံတက်ရသော မြန်မာဒုက္ခသည် ၁၁ ဦးမှာ သက်သာပျောက်ကင်းသွားကြပြီး လာမည့် သီတင်းပတ်အတွင်း ထိုင်းနိုင်ငံမှ ထွက်ခွာ...

အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနေခါနီး ယာဉ်တိုက်မှုဖြစ်၍ ဒဏ်ရာရကာ ဆေးရုံတက်ရသော မြန်မာဒုက္ခသည် ၁၁ ဦးမှာ သက်သာ ပျောက်ကင်းသွားကြပြီး လာမည့် သီတင်းပတ်အတွင်း ထိုင်းနိုင်ငံမှ ထွက်ခွာမှာဖြစ်သည်။

အမေရိကန်နိုင်ငံ၏ လူနေမှုစနစ်နှင့် ဘာသာစကား လေ့လာသင်ယူရန်အတွက် မေ ၂၆ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မယ်လာအူး စခန်းမှ ဒုက္ခသည် ၃ဝ ကျော်သည်  ကားတစီးဖြင့် မဲဆောက်သို့ ထွက်ခွာခဲ့ရာ လမ်းခရီး မဲသဝေါအနီး မျက်နှာချင်းဆိုင်မှလာသော ပစ်ကပ်ကားတစီးနှင့် တိုက်မိသည်။

ဒုက္ခသည် ၁၁ ဦး ဒဏ်ရာအနည်းငယ်စီရရှိ၍ မဲဆောက်ဆေးရုံုတွင် နာရီအနည်းငယ် ကုသမှု ခံယူခဲ့ရသည်။ ပစ်ကပ်ကားပေါ်ပါ ထိုင်းအမျိုးသား၂ ဦးကတော့ ဒဏ်ရာပြင်းထန်စွာရသွားခဲ့သည်။

ဇွန်လ ၃ ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ သွားရောက် အခြေချနေထိုင်ရန် ထိုင်းနိုင်ငံမှ ထွက်ခွာမည့်သူများ ဖြစ်ကြပြီး နိုင်ငံတကာ ရွှေ့ပြောင်း အခြေချနေထိုင်သူများအဖွဲ့ အစီအစဉ်ဖြင့် ရက်သတ္တပတ် ၁ ပတ်ကြာ သင်တန်းသွားတက်ကြခြင်း ဖြစ်သည်။

“သမီးဆို ကားတိုက်တုန်းက အမေရိကန်နိုင်ငံကို မသွားရတော့မှာ စိုးရိမ်ပြီး တော်တော်ကြောက်သွားတယ်။ ညကျမှ သင်တန်းတက်ရမယ်ဆိုပြီး ပျော်သွားတာ” ဟု ဒဏ်ရာရခဲ့သော အသက် ၁၇ နှစ်အရွယ် မမေရီယာက ပြောသည်။

ယခုအခါ မယ်လာအူးနှင့် မဲ့လာမို စခန်းများမှ ဒုက္ခသည် ၉ဝ ခန့် အမေရိကန်ရောက်လျှင် နေထိုင်ရေး ချောမွေ့စေရန် အထောက်အကူပြု သင်တန်းတက်နေကြပြီဖြစ်သည်။

ကရင်လူမျိုးများ အများစု ဖြစ်သည့် မယ်လာအူးဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေ ၁၈ဝဝဝ ကျော် ရှိပြီး ပြည်တွင်း စစ်ပွဲများကြောင့် တောင်ငူခရိုင်နှင့် ဖာပွန်ခရိုင်တို့မှ ထွက်ပြေးလာကြသူများ ဖြစ်ကြောင်း ကရင်ဒုက္ခသည်ကော်မတီ KRC ဥက္ကဌ ရောဘတ်ထွေးက မဇ္စျိမကို ပြောသည်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်နှင့်ထိစပ်နေသည့် ဒုက္ခသည် စခန်းပေါင်း ရ ခုတွင် လက်ရှိ ဒုက္ခသည် ဦးရေ ၁ သိန်း ၃ သောင်းကျော်ရှိပြီး ယင်းစခန်းများမှ ၂ဝဝ၆-ဝ၉ ခုနှစ်အတွင်း တတိယနိုင်ငံများသိုု့ အခြေချရန် ၅ဝဝဝဝ ဦးခန့် ထွက် ခွာပြီးဖြစ်ကြောင်း KRC မှ သိရသည်။

Most read this week