ဆဲဗင်းဒေးဂျာနယ်သတင်းထောက်က သရုပ်ဆောင် ထက်ထက်မိုးဦးကို တရားစွဲဆိုသော သတင်းဖော်ပြခဲ့သည့် ဂျာနယ်တိုက်နှစ်ခုကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားသည်။
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ စာပေမှတ်ပုံတင်ရေးနှင့် စိစစ်ရေးဌာနက The Voice နှင့် The First Music ဂျာနယ်တို့ကို မေလ ၂၂ ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းထားသည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်ဟု ကိုယ်တိုင်ဖတ်ရှုခဲ့ရသူ သတင်းစာ ဆရာတဦးက ပြောသည်။
ပြီးခဲ့သော စနေနေ့က စျေးကွက်ကို စတင်ဖြန့်ချိသော The Voice ဂျာနယ် အတွဲ ၆ အမှတ် ၂၈ တွင် ဆဲဗင်းဒေးဂျာနယ်မှ သတင်းထောက် မအေးသူစံက ဒေါ်ထက်ထက်မိုးဦးကို တရားစွဲဆိုကြောင်း သတင်းပါရှိပြီး သတင်းထောက်နှင့် မင်းသမီးတို့ အပြန်အလှန် မေးမြန်းဖြေကြားမှုများကို ဖော်ပြထားသည်။
အလားတူပင် The First Music ဂျာနယ်တွင်လည်း သတင်းထောက် ငိုနေသည့်ပုံနှင့်အတူ ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် စွပ်စွဲထားကြောင်း ရေးသားဖော်ပြခဲ့သည်။
အပတ်စဉ်ထုတ် ဂျာနယ်နှစ်ခုလုံး၏ ထုတ်ဝေခွင့် ရပ်နားထားသည့်ကာလကို သဲကွဲစွာ မသိရသေးသော်လည်း တပတ်ကြာမြင့်မည်ဟု The Voice ဂျာနယ်၏ အမည်မဖော်လိုသူ သတင်းထောက်တဦးက မဇ္စျိမကို ပြောသည်။
တယ်လီဖုန်းဖြင့် ဆက်သွယ်ရရှိသော စာပေစိစစ်ရေး အရာထမ်းတဦးကတော့ “ထက်ထက်မိုးဦး သတင်းကြောင့် မဟုတ်ပါဘူး။ သူတို့တွေက မဖော်ပြပါနဲ့ဆိုတဲ့ သတင်းတွေကို သတိပေးထားလျက်နဲ့ အကြိမ်ကြိမ် ဖော်ပြလာခဲ့တာပေါ့နော်။ အဲဒီလို စုလာတဲ့ အခါကျတော့ သွားတိုက်ဆိုင် တာ” ဟု မဇ္ဈိမကို ပြောသည်။ သို့သော်လည်း အသေးစိတ်ပြောရန်ကိုတော့ သူမက ငြင်းသည်။
ဖြန့်ချိခြင်းမပြုမီ ပုံနှိပ်ထားသော မျက်နှာဖုံးနှင့် နောက်ကျောစာမျက်နှာ၊ A3 အရွယ် အတွင်းစာမျက်နှာများပါ ဂျာနယ်မူကြမ်းကို စာပေစိစစ်ရေးသို့ တင်ပြပြီး ခွင့်ပြုချက်ယူရသည်။ စိစစ်ရေးဌာန၏ သဘောအတိုင်းသာလျှင်ဖြစ်သော ဖြတ်တောက်၊ ပိတ်ပင်မှုမှာ စာနယ်ဇင်းသမားများအတွက် စိတ်ရှုတ်ထွေးစရာတခုဖြစ်ပြီး ̓စာပေကင်ပေတိုင်̒ ဟု လှောင်ပြောင်ခံရသည်။
‘’တားထားတဲ့ ဓာတ်ပုံ၊ သတင်းကို ထဲ့လိုက်တာဖြစ်ဖြစ်၊ အတွင်းမှာသုံးဖို့ ပြောထားတဲ့ပုံကို မျက်နှာဖုံးတင်ရင်ပဲဖြစ်ဖြစ် သတိပေးခံရတတ်တယ်။ အဲသလို နှစ်ခါ၊ သုံးခါလောက်ဖြစ်ရင် တပတ်နားလိုက်တာ၊ နှစ်ပတ်နားလိုက်တာမျိုးတွေ ရှိတယ်’’ ဟု ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
ကာယကံရှင်က စာပေစိစစ်ရေးသို့ တင်ပြပြီး ပိတ်ပင်ခို်င်းလျှင်လည်း သတင်းမပါအောင် တားမြစ်တတ်ပြန်သည်။ ဒေါ်ထက်ထက်မိုးဦးက စာပေ စိစစ်ရေးကို တိုင်တန်းခဲ့သည်ဟူသော စွပ်စွဲချက်ထွက်ပေါ်နေမှုအပေါ် ဖြေကြားရန် သူမက ငြင်းဆန်သည်။
“ကျမ စာ ခဏခဏ တင်ပါတယ်။ အခု ဂျာနယ်တချို့ ပိတ်ခံရတယ် ဆိုတာကလည်း သူတို့ (စာပေစိစစ်ရေးဌာန) စည်းမျဉ်းစည်းကမ်းရှိမှာပေါ့၊ စာတင် မတင်ဘူးဆိုတာ မပြောချင်တော့ဘူး” ဟု ဒေါ်ထက်ထက်မိုးဦးက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်သူအများသိသင့်သည့် သတင်းမျိုးဖြစ်သည့်အတွက် စာပေစိစစ်ရေးကလည်း ဖော်ပြခွင့်ပြုသင့်သည့်ဟု ရန်ကုန်မြို့နေ သတင်းစာဆရာ ဦးရဲနိုင်မိုးက ပြောသည်။
“သတင်းစာဆရာတယောက်ကို လုပ်ငန်းခွင်ထဲမှာ လူတယောက်က ကိုယ်ထိလက်ရောက် တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ဒီလိုသတင်းမျိုးကို ပုံနှိပ်ဖော်ပြပြီး လူထုက သိလာရရင် အကောင်းဆုံးပေါ့။ ဒီကိစ္စက လူနှစ်ဦးချင်းဖြစ်တဲ့ ပြဿနာဆိုပေမယ့် တကယ်တမ်းက လူ့အဖွဲ့အစည်းက သတင်းစာဆရာတွေကို ဘယ်လောက်အခန်းကဏ္ဍမှာ အလေးပေးမလဲဆိုတဲ့ ပြဿနာလို့ ကျနော် မြင်တယ်လေ” ဟု သူက ပြောသည်။
အကယ်ဒမီနှစ်ထပ်ကွမ်းဆုရှင်၏ လူသိများသော အိမ်ထောင်ရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခဲ့ရာက မအေးသူစံကို ဆံပင်ဆွဲ၊ လည်ပင်းညစ် လုပ်ခံခဲ့ရသည်ဟုဆိုကာ ဒေါ်ထက်ထက်မိုးဦးကို တရားစွဲဆိုထားသည်။
ရန်ကင်းမြို့နယ်တရားရုံး ယနေ့စတင်သော တရားခွင်တွင်် တရားလိုနှင့် မျက်မြင်သက်သေတဦးက ထွက်ဆိုခြင်းပြုအပြီး မေလ ၂၇ ရက်နေ့သို့ ရုံးချိန်းပေးလိုက်သည်။