စစ်အစိုးရ မြို့တော်သစ် နေပြည်တော်ရှိ ကုန်သွယ်ရေးမူဝါဒ ဆိုင်ရာအဖွဲ့အစည်းများ ဖြစ်သော Trade Council (TC) နှင့် Export and Import Supervisory Committee (EISC) ဋ္ဌာနများက ပြည်ပသွင်းကုန် လိုင်စင်ထုတ်ပေးရာတွင် မလိုအပ်ပဲ ကြန့်ကြာနေကြောင်း ကုန်သည်များ အဆိုအရ သိရသည်။
ဧပြီလကုန်ပိုင်းမှစ၍ ပြည်ပသွင်းကုန် လိုင်စင်တစ်စောင် ခွင့်ပြုမိန့်ကျရန် TC တွင် တစ်လခန့်နှင့် EISC တွင် ၂ ပတ်ခန့် ကြာ ကြောင်း နေပြည်တော် အသိုင်းအဝိုင်းရှိ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ TC လိုင်စင်တစ်စောင်ကျဖို့ဆိုရင် အရင်တုန်းက ၃ ပတ်လောက်ကြာတယ် အခု တစ်လလောက်ကြာတယ် EISC လိုင် စင်ကတော့ အရင်တုန်းက တစ်ပတ်လောက်ကြာတယ် အခု ၂ ပတ်လောက်ကြာတယ် ” လို့ သူက ဆိုသည်။
ပြည်ပသွင်းကုန်လိုင်စင်နှင့်ပတ်သက်၍ သံနှင့်သံမဏိ ကဲ့သို့သော သွင်းကုန်များအတွက် TC (ကုန်သွယ်ရေးကောင်စီ) ၏ ခွင့်ပြုမိန့်နှင့် သာမန် လူသုံး/ အိမ်သုံးပစ္စည်းများ အတွက် EISC ၏ ခွင့်ပြုမိန့် ယူရကြောင်း သိရသည်။
စစ်အာဏာပိုင်များ၏ လုပ်ထုံးလုပ်နည်းကြောင့် ယခင်ကတည်းက သွင်းကုန်လိုင်စင် ကြန့်ကြာနေရာ ဧပြီလက နေပြည်တော် သွင်းကုန် လိုင်စင် ဋ္ဌာနသို့ ညွန်မှူး အသစ် ပြောင်းရွေ့လာပြီး နောက်ပိုင်း ပိုဆိုးလာကြောင်း သိရသည်။
“လိုင်စင်စတင်တဲ့အချိန်မှာ ၂ ရက်လောက်ကြာတယ်ဗျာ ထုတ်ပေးတော့လည်း ၂ ရက်လောက်ကြာတယ် နောက်ကုမ္ပဏီ ပိုင်ရှင်တွေကို ဆင့်ခေါ် တာပေါ့ ပြီးရင်စာရွက်စာတမ်း မူရင်းတောင်းကြည့်တယ် ဒီပြဿနာကို အခုချိန်ထိ စီးပွားကူးသန်း က မရှင်းနိူင်သေးဘူးပေါ့ ”
“အရောင်းအဝယ် ကောင်းဖို့က ဒီတစ်လ နှစ်လပဲရှိတာ ဒီထုတ်ကုန်သွင်းကုန်ဆိုတာ အချိန်နဲ့လုပ်ရတာဗျ စျေးမကိုက် တဲ့ အချိန်မှ လိုင်စင် လာပေးတော့ အလကားပေါ့ အဆင်ပြေတဲ့အချိန် အလုအယက် သွင်းရ တာဗျ ” လို့ သူက ဆိုသည်။
အသစ်ရောက်ရှိလာသော သွင်းကုန်လိုင်စင်ဋ္ဌာန ညွန်မှူး ဦးဇော်မင်းသည် နအဖပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၏ တပည့်အရင်း ဖြစ်ကြောင်း သိရသည်။