တောင်ယာခုတ်ခွင့်သည် ရွေးကောက်ပွဲ ဆွဲဆောင်မှုဟု ရွာသားများယူဆ

တောင်ယာခုတ်ခွင့်သည် ရွေးကောက်ပွဲ ဆွဲဆောင်မှုဟု ရွာသားများယူဆ
by -
ပါးရယ်
စစ်အစိုးရ အာဏာပိုင်များက ကရင်နီပြည် ရှားတောမြို့ စုစည်း ကျေးရွာမှ အရပ်သားပြည်သူများအား ယခုနှစ်အတွင်း တောင်ယာများ ပြန်လှည်ခုတ်ခွင့်ပေးကြောင်း၊ ယာခင်းများလုပ်ကိုင်စားသောက်ရန် ပိတ်ပင်ထားရာမှ ယခုလိုလွတ်လပ်စွာ ပြန်လှည်လုပ်ကိုင်စားသောက်ခွင့် ပေးခြင်းသည် ရွေးကောက်ပွဲအတွက် ဆွဲဆောင်မှုတခုဖြစ်သည်ဟု ဒေသခံရွာသားများက...

စစ်အစိုးရ အာဏာပိုင်များက ကရင်နီပြည် ရှားတောမြို့ စုစည်း ကျေးရွာမှ အရပ်သားပြည်သူများအား ယခုနှစ်အတွင်း တောင်ယာများ ပြန်လှည်ခုတ်ခွင့်ပေးကြောင်း၊ ယာခင်းများလုပ်ကိုင်စားသောက်ရန် ပိတ်ပင်ထားရာမှ ယခုလိုလွတ်လပ်စွာ ပြန်လှည်လုပ်ကိုင်စားသောက်ခွင့် ပေးခြင်းသည် ရွေးကောက်ပွဲအတွက် ဆွဲဆောင်မှုတခုဖြစ်သည်ဟု ဒေသခံရွာသားများက ယူဆကြသည်။

“ဒီနှစ်အတွင်း သူတို့ ရွေးကောက်ပွဲ လုပ်မှာလေ။ အဲဒါ သူတို့က ကျနော်တို့ကို သူတို့ဘက် ပါအောင် ထောက်ခံခိုင်းစေချင်တယ်လေ။ ထောက်ခံခိုင်း ချင်တော့ ကျနော်တို့ကို ဘယ်လို ဆွဲဆောင်မလဲ၊ ဘယ်လို နှစ်သိမ့်ရင် ကောင်းမလဲ ဆိုပြီး လုပ်တဲ့ သဘောပေါ့။ တောင်ယာ ခုတ်ဖို့ ကျနော်တို့ကို လွတ်လပ်ခွင့် ပေးတာလေ” ဟု ရှားတောမြို့မှ ဒေသခံတဦးက ပြောသည်။

ကရင်နီတပ်မတော်အား အထောက်အကူမပြုလုပ်နိုင်ရန် ပြီးခဲ့သည့် ၁၉၉၆ခုနှစ်က စစ်အစိုးရတပ်များမှ ရှားတောမြို့နယ် ကျေးလက်တောရွာ များအား မီးရှို့ဖက်ဆီးပြီး ရွာသားများအား အတင်းအဓမ္မ မောင်းထုတ်၍ စုစည်းကျေးရွာသို့ တစုတစည်းတည်းနေထိုင်ခိုင်းသည်။

စုစည်းကျေးရွာ၌ နေထိုင်သော ပြည်သူများသည် အခြားသော ကျေးလက်တောရွာများမှ ရွှေ့ပြောင်း လာကြသောကြောင့် လယ်ယာ၊ မြေယာများ မရှိကြ၍ စားဝတ်နေရေးအတွက် တောင်ယာများသာ လုပ်ကိုင် စားသောက်ကြရသည်။

စုစည်းရွာတွင်နေထိုင်သောရွာသားတဦးက “အရင်က တောင်ယာကို သွားပြီဆိုရင် သူတို့ထံ လက်မှတ် အရင်ဆုံး သွားလုပ်ပြီး သွားရတယ်။ သွားတဲ့ အခါမှာလည်း အိတ်တွေ စစ်ခံရတယ်။ ဒါပေမဲ့ ဒီနှစ်တော့ သူတို့ မလုပ်တော့ဘူး။ ရွေးကောက်ပွဲ နီးလာတော့ ကျနော်တို့ကို လွပ်လပ်ခွင့် ပေးနေတာလား၊ ဘယ်လိုလဲ မသိဘူး။ ကျနော်တို့ကို ဆွဲဆောင်တဲ့ အနေနဲ့ လွပ်လပ်ခွင့်တွေ ပေးတာ ဖြစ်နိုင်တယ်” ဟုပြောသည်။

တောင်ယာများ လုပ်ကိုင်ရာမှာလည်း ရှားတောမြို့ နေရာဒေသ အနီးများတွင် နေရာ ခက်ခဲမှုနှင့် စပါးစိုက်ပျိုးမှု မအောင်မြင်သောကြောင့် အနည်းဆုံး ၄ နာရီခန့် သွားရသော နေရာများသို့ သွားရောက်လုပ်ကိုင်ကြရသည်ဟု စုစည်းရွာသားက ဆက်ပြောသည်။

“ရှားတောမြို့ အနီးအနားတွေမှာ တောင်ယာ သွားခုတ်ရင် မိုးသိပ်မရွာတော့ စပါးလည်း မကောင်းဘူးလေ။ ကျနော်တို့ အဝေးကို သွားခုတ်တော့ စပါးက ပိုပြီး သီးကောင်းတယ်။ အဲဒါ ကျနော်တို့ စားရတော့ အဝေးကိုပဲ သွားခုတ်ရတယ်” ဟု ပြောသည်။

ရှားတော့မြို့ရှိ စုစည်းကျေးရွာတွင် အရပ်သားပြည်သူများက ၁၅၀၀ ခန့် နေထိုင်လျက်ရှိသည်။ သို့သော် ၎င်းတို့ လုပ်ကိုင်စားသောက်ရန် နေရာ ခက်ခဲမှုနှင့် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ၂၀၀၆ ခုနှစ်မှ စတင်၍ မူလကျေးရွာဟောင်းများသို့ အလုပ်အကိုင်များ ပြန်လည်လုပ်ကိုင်ရန် အရဲစွန့် ပြန်လာနေထိုင်ကြသူများလဲရှိသည်။