ဒေါ်စု အိမ်အမှု နှစ်ဖက်ရှေ့နေများကို တရားရုံး ဆင့်ခေါ်

ဒေါ်စု အိမ်အမှု နှစ်ဖက်ရှေ့နေများကို တရားရုံး ဆင့်ခေါ်
by -
ဆလိုင်း ဟံသာစန်း
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ရန်ကုန်တိုင်း တရားရုံးချုပ်သို့ အယူခံ တင်သွင်းရာမှ တရားရုံးက နှစ်ဖက်ရှေ့နေများ လျှောက်လဲရန် ယခုလ ၂၈ ရက်နေ့သို့ ဆင့်ခေါ်လိုက်ပြီ...

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ရန်ကုန်တိုင်း တရားရုံးချုပ်သို့ အယူခံ တင်သွင်းရာမှ တရားရုံးက နှစ်ဖက်ရှေ့နေများ လျှောက်လဲရန် ယခုလ ၂၈ ရက်နေ့သို့ ဆင့်ခေါ်လိုက်ပြီ ဖြစ်သည်။

ဦးအောင်ဆန်းဦးက နေအိမ်ပြင်ဆင်နေမှုကို ဝရမ်းထုတ်၍ တားဆီးပေးရန် လျှောက်ထားမှုကို တိုင်းတရားရုံးက ပြီးခဲ့သည့်လ ၆ ရက်နေ့က ပယ်ချခဲ့သဖြင့် တရားရုံးချုပ်သို့ ယခုလ ၁၃ ရက်နေ့တွင် အယူခံတင်သွင်းရာမှ ယခုလို ဆင့်ခေါ်စာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

တရားရုံးချုပ်က လက်ခံခဲ့သည့် ဦးအောင်ဆန်းဦး၏ အယူခံတင်သွင်းလွှာတွင် တားဝရမ်းထုတ်နိုင်သည့် ဥပဒေအထောက်အထားများ ပါဝင်ခြင်း မရှိသည်ကို အဓိကလျှောက်လဲသွားရန် ရည်ရွယ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“တိုင်းတရားရုံးမှာ လျှောက်လဲခဲ့ကြတုန်းကလည်း ဒီအချက်ကို အဓိကထား လျှောက်လဲခဲ့ပါတယ်။ အခုလည်း အဲဒီအချက်ကိုပဲ ထောက်ပြပြီး ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဆင့်ခေါ်စာ ပေးပို့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်အား အသိပေးရန်နှင့် တားဝရမ်းအမှုအတွက် ဆွေးနွေးရန် ရှေ့နေများက ယခုလ ၂၂ ရက်နေ့တွင် သူမနှင့် တွေ့ဆုံခွင့်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တောင်းခံထားသည်။

ရန်ကုန်မြို့ရှိ တရားရုံးချုပ်တွင် ဦးအောင်ဆန်းဦး တင်သွင်းသည့် အယူခံရှုံးနိမ့်ခဲ့ပါက အယူခံ ထပ်မံတင်သွင်းရန် မရှိတော့ဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ရှုံးနိမ့်ခဲ့ပါက နေအိမ်ပြင်ဆင်ခြင်းကို ရပ်ဆိုင်းပေးရမည်ဖြစ်သည်။

ဥပဒေအမိန့် ၃၉ ၊ နည်းဥပဒေ (၁) အရ အငြင်းပွားနေသည့် ပစ္စည်းအား ပျက်စီးရန်၊ ဆုံးရှုံးရန်နှင့် တမင်ပြုန်းတီးစေခြင်း မဟုတ်ပါက တားဝရမ်း ထုတ်ခွင့် မရှိကြောင်း သိရသည်။

တားဝရမ်းထုတ်ရန်အတွက် နှစ်ဖက်ရှေ့နေများ လျှောက်လဲရန်အတွက် ယခုလို ရက်သတ်မှတ်လိုက်သော်လည်း လက်ရှိ နေအိမ်ပြင်ဆင်နေမှုကို ရပ်တန့်ရန် တရားရုံးချုပ်က အမိန့်တစုံတရာ ထုတ်ပြန်တားဆီးခြင်း မရှိကြောင်းနှင့် ဆက်လက်ပြင်ဆင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နောက်တဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။
ယခုလက်ရှိတွင် နေအိမ်အနောက်ခြမ်း အင်းလျားကန်ဘက်တွင် ဝါးကပ်များကာရံခြင်း၊ အိမ်အမိုး အုတ်ကြွပ်အဟောင်းများအား သန့်စင်ကာ ပြန်လည်တပ်ဆင်ခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်သည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄/ ၅၆ နေအိမ်သည် ၂ဝဝ၈ ခုနှစ် မေလဆန်းအတွင်းက တိုက်ခတ် ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အိမ်ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ပျက်စီးခဲ့သဖြင့် ရန်ကုန်စည်ပင်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှ ယခုနှစ် ဧပြီလအတွင်း အပြီးသတ် ပြုပြင်ရန် ခွင့်ပြုခဲ့သည်။

သို့သော် ဦးအောင်ဆန်းဦးက ကန့်ကွက်သဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အိမ်ပြင်မှု ခေတ္တရပ်နားခဲ့ရသော်လည်း  ယခုနှစ် ဧပြီလဆန်းပိုင်းက ဦးအောင်ဆန်းဦး၏ တားဝရမ်းလျှောက်ထားမှု ပယ်ချခံရသဖြင့် လကုန်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခွင့် ရရှိခဲ့သည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ဟောင်း ဒေါ်ခင်ကြည်တို့မှ အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် အောင်ဆန်းစု ကြည်အမည်ရှိ သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ သားလတ်ဖြစ်သူ အောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။

၁၉၆ဝ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်ကို မြန်မာ ဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်၌ တည်ဆောက်ခဲ့သည့် အင်လျားကန်စောင်းရှိ ယင်းနေအိမ်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုနေအိမ်၌ပင် နေထိုင်လာခဲ့သည်။  အင်းလျားကန်မှ နေအိမ်အတွင်း ရေကူးဝင်ရောက်လာသည့်  အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် သူမသည် နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံနေရသည်။

Most read this week