ကုလားတန် ဘက်စုံပို့ဆောင်ရေးစီမံကိန်း၏ မြန်မာဘက်အခြမ်းတွင် ပင်လယ်နှင့် မြစ်တွင်း ဆိပ်ကမ်းများ တည်ဆောက်ရေးအတွက် အိန္ဒိယရှိ အက်ဆာ (Essar) ဆောက်လုပ်ရေးကုမ္ပဏီနှင့် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ သဘောတူလက်မှတ် ရေးထိုးလိုက်သည်။
နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးတက်ကောင်းမွန်ရန် အိန္ဒိယအရှေ့ဘက်ကမ်းခြေ ဆိပ်ကမ်းမြို့များနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့အကြား ဆက်သွယ်ရေးနှင့် မြန်မာ့ဆိပ်ကမ်းများ အရည်အသွေး မြှင့်တင်ရေးအတွက် အိန္ဒိယက ဘဏ္ဍာရေးထောက်ပံ့ထားပြီး၊ Essar ကုမ္ပဏီသို့ စီမံကိန်းတန်ဖိုး ရူပီး ၃.၄၂ ဘီလျံ (အမေရိကန်ဒေါ် လာ ရ၅ သန်း) ပေးအပ်ရန် ယခုလ ၁၃ ရက်နေ့တွင် သဘောတူလိုက်ခြင်း ဖြစ်သည်။
''ဒီစီမံကိန်းအရ စစ်တွေမှာ ဆိပ်ကမ်းတခု တည်ဆောက်ပြီး ပလက်ဝမှာ ဆိပ်ခံတံတားတခု တည်ဆောက်ရမှာပါ။ ဒီစီမံကိန်းက မြန်မာနိုင်ငံတွင်း အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးကို အထောက်အကူပါတယ်။ မြန်မာနိုင်ငံအတွက် အကျိုးရှိပါလိမ့်မယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေပါ ရလာမယ်။ မြန်မာအစိုးရအတွက် အခွန်အကောက်တွေ တိုးတက်ရရှိစေမှာ ဖြစ်ပါတယ်'' ဟု Essar ပြောခွင့်ရပုဂ္ဂိုလ် မနစ်ရှ် ကီဒီးယား Manish Kedia က မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး ''စီမံကိန်းစတင်ရမယ့်ရက်က အခု အစပြုပါပြီ။ ကျနော်တို့ကုမ္ပဏီတွေလည်း မြန်မာပြည်မှာ ရောက်နေပြီ။ စက်ပစ္စည်း ကိရိယာ တွေကို သယ်နေပါပြီ။ တခြားကိစ္စတွေလည်း မကြာခင် မြန်နိုင်သမျှ အမြန်ဆုံး စပါတော့မယ်။ ဒီစီမံကိန်းက ၃၆ လကြာ စီမံကိန်းပါ'' ဟု ပြောသည်။
ကန်ထရိုက်စာချုပ်ကို အိန္ဒိယအစိုးရအဖွဲ့ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် တီအက်စ်တီရူမာတီ (T.S. Tirumurti) နှင့် Essar ဆိပ်ကမ်းနှင့် ဆိပ်ခံတံတား ဒုဥက္ကဋ္ဌ ဗီရှ်ဝီရှာဘတ် (Vishwesha Bhat) တို့ လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်သည်။
သဘောတူစာချုပ်တွင် ကုလားတန်မြစ်အတွင်း သင်္ဘောသွားလာရေးကို အထောက်အကူပြုမည့် သောင်ခုတ်ခြင်း၊ ကုန်တင်စက်မဲ့ရေယာဉ်များ တည်ဆောက်ခြင်းတို့ ပါဝင်သည်။ ယခုစာချုပ်၌ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးမှာ အဓိက အစိတ်အပိုင်းတရပ်ဖြစ်သည်ဟု ကုမ္ပဏီ ကြေညာချက်တွင် ဖော်ပြထားသည်။
Essar ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ပလက်ဝမြစ်ဆိပ်ခံ ကုန်တင်ကုန်ချစခန်းမှ အရှေ့မြောက်ရှိ အိန္ဒိယ-မြန်မာနယ်စပ်သို့ ကီလိုမီတာ ၁၂ဝ ရှည်လျားသော ကားလမ်းဖောက်လုပ်ရန်လည်း ပါဝင်သည်ဟု ကုမ္ပဏီက ပြောသည်။ သို့သော် ဤလမ်းဖောက်လုပ်ရေးမှာ သီးသန့်စာချုပ်ဖြင့် ဆောင်ရွက်ရမည်ဟု ဆိုသည်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ကုန်စည်များကို စစ်တွေမြို့အနီး ကုလားတန်မြစ်ဝမှနေ၍ ချင်းပြည်နယ် ပလက်ဝမြို့သို့ ပို့ဆောင်ကာ၊ ထိုမှတဆင့် ကုန်းလမ်းဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဆက်လက်ပို့ဆောင်မည်။ ဤနည်းဖြင့် အိန္ဒိယနိုင်ငံ ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်များသို့ ကုန်စည်ပို့ဆောင်ရာတွင် နောက်ထပ် အရံလမ်းကြောင်းတရပ် ရရှိစေလိမ့်မည်ဟု ဖော်ပြထားသည်။
ဤလမ်းကြောင်းတွင် ရေလမ်းခရီး ၃၃၃ မိုင် (၅၃၉ ကီလိုမီတာ) နှင့် ကုန်းလမ်းခရီး ၁၄ဝ မိုင် ရှိမည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံက ဤစီမံကိန်း တခုလုံး အတွက် ပြီးခဲ့သည့်နှစ် ဧပြီလက လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။
အိန္ဒိယ-မြန်မာနယ်စပ်အဖြစ် တည်ရှိနေသည့် ကုလားတန်မြစ်သည် ဘင်္ဂလားပင်လယ်အော်နှင့် ကုလားတန်မြစ် ထိစပ်နေသည့် စစ်တွေမြို့အနီး မြစ်ဝမှ ချင်းပြည်နယ် ပလက်ဝ (စက်ပြစ်ပြင်) အထိ လှေသင်္ဘောများ ခုတ်မောင်းသွားလာနိုင်သည်။ ထိုနေရာမှကျော်လျှင် ရေတိမ်ခြင်း၊ ရေမှော် များ မကြာခဏတွေ့ရခြင်းတို့ကြောင့် လှေသင်္ဘောများ ခုတ်မောင်းသွားလာ၍မရတော့ဘဲ ဤအပိုင်းကို ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်ရေး ပြုလုပ်ရန် စီစဉ်လုပ်ဆောင်ထားခြင်း ဖြစ်သည်။
အိန္ဒိယအရှေ့မြောက် ပြည်နယ်များနှင့် အိန္ဒိယ ကျန်ပြည်နယ်များကို ဆက်သွယ်ပေးထားသည့် ဘင်္ဂလားဒေ့ချ် အပေါ်ဘက် အလွန် ကျဉ်းမြောင်းသော အိန္ဒိယနိုင်ငံဘက်ရှိ စီလီဂူရီလမ်းကြောင်း (Siliguri Corridor) မှာ အလွန်ကြီးမားသော ဖိအားနှင့် ရင်ဆိုင်နေရသည်။ ဘင်္ဂလားဒေ့ချ်ကို ဖြတ်သန်း၍ ကုန်စည်များ သယ်ယူပို့ဆောင်ရေးတွင် ပျော့ပြောင်းမှု လုံးဝမရှိဟု ဒေလီက ဘင်္ဂလားဒေ့ချ်ကို ပြစ်တင်စွပ်စွဲထားသည်။
ယခု အဆိုပြုထားသော စီမံကိန်းအရ အထူးသဖြင့် သောင်ခုတ်လုပ်ငန်းများ လုပ်ကိုင်ခြင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်များ၊ ချင်းပြည်နယ်ရှိ ပြည်သူများ၊ အထူးသဖြင့် ပလက်ဝမြို့နယ်ရှိ ပြည်သူများမှာ တန်ဖိုးကြီးမားစွာ ပေးဆပ်ကြရမည်ဟု ရခိုင်မြစ်များ ကွန်ယက်အဖွဲ့ (Arakan Rivers Network) ဒါရိုက်တာ အောင်မန်းဦးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြီးခဲ့သော နိုဝင်ဘာလအတွင်း ပြောကြားခဲ့သည်။
သူက ''ပထမဆုံး ထိခိုက်မယ့် အုပ်စုကတော့ ကုလားတန်မြစ်အတွင်း ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးတဲ့ တံငါသည်တွေ ဖြစ်ပါတယ်'' ဟု ပြောသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကို မဇ္ဈိမက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း သင့်တော်သော တုံ့ပြန်််မှု မရှိခဲ့ပါ။