လနှင့် သောကြာဂြိုဟ် နီးကပ်မှုသည် စကြာဝဋ္ဌာအတွင်း ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး လူအများထင်သလို အပြောင်းအလဲ မဖြစ်နိုင်ကြောင်း နက္ခတ္တဗေဒ သိပ္ပံပညာရှင်များက ပြောဆိုသော်လည်း မြန်မာပြည်တွင်း၌ အကောင်း-အဆိုး နိမိတ်ကောက်ယူမှုများ ရှိခဲ့သည်။
ယခုလ ၁၆ ရက်နေ့က လနှင့် သောကြာဂြိုလ်တို့ နီးကပ်မှုကို မြန်မာ အပါအဝင် အာရှနိုင်ငံအချို့ မြင်တွေ့ခဲ့ကြရပြီး မြန်မာနိုင်ငံတွင် ည ရ နာရီခန့်တွင် ထိုသို့သော ဖြစ်စဉ်ကို လူအများ တွေ့ရှိခဲ့ကြသည်။
“ဒီလိုမျိုးဖြစ်စဉ်က စကြာဝဋ္ဌာအတွင်းမှာ ပုံမှန်ဖြစ်နေတဲ့ ကိစ္စပါ။ ဒီလိုမျိုးဖြစ်လို့ လူတွေထင်သလို ဘာအပြောင်းအလဲမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ လူတွေက အယူသီးနေကြတာပါ။ လူတွေက စကြာဝဋ္ဌာ ဖြစ်စဉ်ကို ဒီလို အယူမသီးသင့်ပါဘူး” ဟု အိန္ဒိယ နက္ခတ္တဗေဒ လေ့လာသင်ကြားရေးနှင့် သုတေသနအဖွဲ့ (ASTRO) ညွှန်ကြားရေးမှူး Prashant K Mishra က မဇ္ဈိမကို ပြောသည်။
လသည် ကမ္ဘာကို တပတ်ပတ်မိရန် တလခန့် ကြာမြင့်တတ်သဖြင့် လနှင့် ဂြိုဟ်များ၏ နီးကပ်မှုသည် လစဉ်ဖြစ်နေကြောင်းနှင့် လသည် ကမ္ဘာကို ပတ်နေစဉ် သောကြာဂြိုဟ်နှင့် တတန်းတည်း ကျရောက်သဖြင့် ယခုဖြစ်စဉ်မျိုး မြင်တွေ့ရခြင်းသာဖြစ်ကြောင်း အိန္ဒိယ နက္ခတ်ဗေဒပညာရှင်များက ပြောဆိုကြသည်။
ယခုလ ၁၇ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာ မြန်မာ့အလင်းတွင်မူ ယင်းဖြစ်ရပ်ကို အာကာသ၌ အအေးဓာတ်ကို ဖြန့်ဝေပေးနေသည့် အရံဂြိုဟ် အနီး အာကာသဓာတ်ကို ထိန်းညှိပေးသည့် ကြယ်တာရာတို့ နီးကပ်စွာ ဖြစ်ပေါ်ခဲ့သဖြင့် ကမ္ဘာမြေအား အေးမြသည့် ဓာတ်ကိုပေးသည့် သဘော နိမိတ် အဖြစ် ဖော်ပြခဲ့သည်။
ပဲခူးမြို့ခံ လူကြီးတဦးက “ပဲခူးမြို့ပေါ်မှာ လူတွေ တော်တော်များက ဒီအဖြစ်ကို ထွက်ကြည့်ပြီး သောကြာဂြိုဟ်ကြီး လနဲ့နီး ပြည်ကြီးတံခွန် ပျက်လတံ့ ဆိုပြီး၊ မကြာခင် မင်းပြောင်းမင်းလွဲဖြစ်မယ်ဆိုပြီး ပြောနေကြတယ်'' ဟု ပြောသည်။
လကို ကြယ်ဖောက် ဂျပန်ရောက်ဆိုသည့် တဘောင်ရှိကာ ၎င်းငယ်စဉ်က ၁၉၄၂ ခုနှစ်တွင် ထိုသို့ မြင်ခဲ့ဖူးပြီး မကြာခင်တွင် ဖက်ဆစ်ဂျပန်များ ရောက်ရှိလာခြင်း၊ ၁၉၆၂ ခုနှစ်တွင် တကြိမ်ထပ်ဖြစ်ရာ ဝန်ကြီးချုပ် ဦးနုဆီမှ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းခဲ့ခြင်း၊ ၂ဝဝ၄ ခုနှစ်တွင်လည်း ထိုသို့ထပ်ဖြစ်ရာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့် အထိန်းသိမ်းခံခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သူက ဆက်ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နက္ခတ်ဗေဒင်သဘောအရ မြန်မာဝေဒပညာရှင်များကလည်း အကောင်း-အဆိုး နိမိတ်ဖတ်သည့် ကြိုတင်ခန့်မှန်းမှုများ ရှိနေသည်။
ရန်ကုန်ရှိ ဝေဒပညာရှင် ဆရာမြတ်သစ်က ယခုဖြစ်စဉ်တွင် အင်္ဂါဂြိုဟ်သည် လနှင့် သောကြာဂြိုဟ်ရှေ့တွင် တည်ရှိနေခဲ့သဖြင့် ကမ္ဘာပေါ်ရှိ အင်အားကြီး တိုင်းနိုင်ငံများနှင့် စစ်လက်နက်ပိုင်ဆိုင်သော နိုင်ငံ့ခေါင်းဆောင်များသည် လက်နက်များ ခဝါချပြီး မနေနိုင်လျှင် တိုင်းနိုင်ငံ ပျက်စီးမည့် နိမိတ်ဖြစ်ကြောင်း ပြောသည်။
ဗေဒင်ကိန်းခန်းအရ နိမိတ်မှတ်ယူခြင်းနှင့် ပြည်သူများအကြား ရှေးရိုးအယူအဆများကြောင့် မကောင်းသော အတိတ်နိမိတ်အဖြစ် မှတ်ယူနေသော် လည်း သိပ္ပံပညာရပ်အရ လသည် တလအတွင်းမှာ ဂြိုဟ်တိုင်းနှင့် အနီးဆုံး ဖြတ်သန်းခြင်းနှင့် ပူးယှဉ်မှုများသည် စကြာဝဋ္ဌာ၌ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောဆိုကြသည်။