ပရိသတ်၏ ချစ်ခင်နှစ်သက်မှုကို ရရှိထားသူ စွယ်စုံအနုပညာရှင် ရုပ်ရှင်မင်းသား သုမောင်သည် နာတာရှည် အသည်းရောဂါနှင့် အဖျားကြီးမှုကြောင့် ယမန်နေ့ ညပိုင်းတွင် အသက် ၆ဝ အရွယ်၌ ရန်ကုန်မြို့တွင် ကွယ်လွန်သွားသည်။
စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီ သုမောင် ခေါ် ဦးဗလသည် ရန်ကုန်မြို့ရှိ သုခကမ္ဘာ ဆေးခန်း၌ ယမန်နေ့ ည ၉ နာရီတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
“အဖေက ၁၄ ရက်နေ့ကတည်းက ဆေးရုံတက်ပါတယ်။ အသည်းရောဂါကို ခံစားနေရတာတော့ ကြာပါပြီ။ ဘာမှ မဖြစ်ခဲ့ပါဘူး။ အခုက အပူတအားများသွားလို့ တိုက်ဆိုင်သွားတာပါ။ အဖျားက ၁ဝ၆ ထိ ဖြစ်သွားတယ်” ဟု ဦးသုမောင်၏ သားဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ဖိုးသောကြာက မဇ္စျိမကို ပြောသည်။
ဘက်စုံထူးချွန်သည့် ဦးသုမောင် ဆုံးပါးသွားဖြင့် ရုပ်ရှင်၊ ဂီတနှင့် စာပေ အသိုင်းအဝိုင်းအကြား နှမြောတသ စိတ်မကောင်းဖြစ်နေကြသည်။
“အခုလို စွယ်စုံရတဲ့ အနုပညာရှင်တယောက် ဆုံးပါးသွားတာတော့ စိတ်မကောင်းဘူးဗျာ။ လွန်ခဲ့တဲ့ တလလောက်က သူနဲ့တွေ့တော့ သူအရက်ပြတ်သွားပြီလို့ ပြောတယ်။ သူကိုယ်တိုင် ကားအဝါလေးကို မောင်းပြီး လာတာ။ အဲဒီတုန်းက သူ့အတွက် ဝမ်းသာလိုက်တာ။ ဒီမတိုင်ခင်ကတော့ သူ့သားက တွဲပြီး လာရတယ်” ဟု ကဗျာဆရာ မောင်စိမ်းနီက မဇ္ဈိမကို ပြောသည်။
ရုပ်ရှင်လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သူ မင်းသားကျော်သူကလည်း “ကျနော် သရုပ်ဆောင်ဘဝကို စရောက်တော့ ဦးဗလကြီးက ကျနော့်အဖေခန်းက သရုပ်ဆောင်ရတယ်။ ဖိုးသောကြာ သရုပ်ဆောင် လောကထဲကို စရောက်တော့ ကျနော်က သူ့အဖေနေရာက သရုပ်ဆောင်ခဲ့ရတယ်။ ဦးဗလကြီးက ဒါကို ကျနော့်ကို ပြောပြခဲ့ဖူးတယ်။
သူရေးခဲ့တဲ့အထဲမှာ ကျနော်တို့ လူပျိုဘဝတုန်းက ထွက်ခဲ့တဲ့ “အချစ်” ဆိုတဲ့ စာအုပ်ကို အရေးကောင်းလွန်းလို့ တော်တော်ကြိုက်ခဲ့တယ်” ဟု ပြောသည်။
သူက ဆက်ပြီး “ကျနော် ရုပ်ရှင်လောကကို စဝင်တဲ့ အချိန်မှာ ကျနော် စကားမပီတော့ ကိုဗလကြီးက သတင်းစာ မဂ္ဂဇင်းတွေ ဖတ်တဲ့အခါ အသံထွက်ဖတ်ဖို့ လမ်းညွှန် ခဲ့တယ်။ အဲဒါက ကျနော့်ကို အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်” ဟု ဦးသုမောင် အမှတ်တရအဖြစ် ပြန်ပြောပြသည်။
ဦးသုမောင်ကို ဖခင်ဖြစ်သူ စာရေးဆရာနှင့် ဒါရိုက်တာ ဦးသာဓုနှင့် မိခင် ဒေါ်ခင်ညိုက ၁၉၅၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အင်ဂျင် နီယာဘွဲ့ ရရှိကာ ၁၉၆၉ ခုနှစ်မှ စတင်၍ ယုဝတီဂျာနယ်တွင် စာပြင်အလုပ် ဝင်လုပ်ရာမှ ကဗျာများ ရေးဖွဲ့လာရင်း စာပေလောကသို့ ရောက်ရှိလာကာ၊ ယင်းနောက်ပိုင်း တွင် ရုပ်ရှင်နှင့် ဂီတနယ်ဘက်သို့ပါ ဝင်ရောက်လာခဲ့သည်။
၁၉၇၄-၁၉၇၄ ခုနှစ်တွင် ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား စသော ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကာ၊ သဘာဝ မင်းသားအဖြစ် အောင်မြင် လာခဲ့ရာမှ ၁၉၉ဝ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုကို `ခုနှစ်စဉ်အလွမ်း´ ဇာတ်ကားဖြင့် ရရှိခဲ့သည်။ မကွယ်လွန်ခင်အထိ ဇာတ်ကားကြီးပေါင်း ၄ဝ ကျော် ရိုက်ကူးခဲ့ပြီးဖြစ်သည်။
တေးဂီတနှင့် ပတ်သက်၍မူ ၁၉၇၄ ခုနှစ်တွင် နှောင်းတမြေ့မြေ့ ဇာတ်ကား၌ ဇာတ်ဝင်နောက်ခံတေးဖြစ်သော ပန်းဦးပန်မယ့်သူ သီချင်းကို သီဆိုခဲ့ရာမှ ဂီတလောကသို့ စတင်ရောက်ရှိခဲ့သည်။ ရုပ်ရှင်နောက်ခံတေးများ၊ တိပ်ခွေစီးရီးများ၊ ရေဒီယိုတေးများ စသည်ဖြင့် သီဆိုခဲ့ရာ တေးသီချင်း အပုဒ်ရေ ၂ဝဝဝ ကျော် သီဆိုခဲ့သည်။ သူ၏ ထင်ရှားကျော်ကြားသော တေးသီချင်းများတွင် ချစ်မိုးကြီး၊ ပန်းစကား၊ အမုန်းအသင်္ချေ၊ ဂုဏ်ကြီးရှင်၊ ပပဝင်းများ ပါဝင်သည်။
အချစ်၊ ကွမ်းစကား၊ အချစ်လား သူဖျားနေတယ်၊ အရက်သမား အမှားတရာ၊ မျိုးရိုးထဲမှ ဆိုးပေကြီးများ စသည့် အရေးအသားကောင်းမွန်သည့် ဆောင်းပါးနှင့် ဝတ္ထုတိုများ ရေးသားခဲ့ကာ စာအုပ်ပေါင်း ၃ဝ ခန့် ထုတ်ဝေခဲ့သည်။ အပြောအဟောကောင်းသဖြင့် စာပေဟောပြောပွဲများတွင်လည်း လူကြိုက်များသည်။
ညီဖြစ်သူ မင်းလူမှာ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး ထင်ရှားသော စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ညွှန်းရေးသူ ဖြစ်သည်။ လူကြိုက်များသော ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏမှာ သူ၏ အကိုဖြစ်သည်။
ဦးသုမောင် ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်အေးအေးမေ (အေးဘုံ)နှင့် သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထား ဟူသော သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။
ဦးသုမောင်၏ ကျန်ရစ်သော ရုပ်ကလာပ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) က ယနေ့နံနက်ပိုင်းတွင် သုခကမ္ဘာ ဆေးခန်းမှ ရေဝေးအအေးခန်းသို့ သွားရောက် ပို့ဆောင်ခဲ့ကြောင်းနှင့် ယခုလ ၂ဝ ရက်နေ့ နံနက် ၁ဝ နာရီတွင် သဂြိုင်္ဟ်မည်ဖြစ်ကြောင်း သိရသည်။