မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ကရင်ပြည်သူ့ပါတီ ဘဏ္ဍာရေးအခက်အခဲကြုံ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ကရင်ပြည်သူ့ပါတီ ဘဏ္ဍာရေးအခက်အခဲကြုံ
by -
လွယ်ထော
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ကရင်ပြည်သူ့ပါတီတို့က ရွေးကောက်ပွဲအတွက် သုံးစွဲမည့် ဘဏ္ဍာရေးအခက်အခဲနှင့် ကြံုတွေ့နေကြကြောင်း ပါတီ ခေါင်းဆောင်များက...

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ကရင်ပြည်သူ့ပါတီတို့က ရွေးကောက်ပွဲအတွက် သုံးစွဲမည့် ဘဏ္ဍာရေးအခက်အခဲနှင့် ကြံုတွေ့နေကြကြောင်း ပါတီ ခေါင်းဆောင်များက ပြောသည်။

ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲကော်မရှင်သို့ ပေးသွင်းရမည့်စရိတ်အပါအဝင် ရုံးစရိတ်၊ စည်းရုံးရေးစရိတ် စသည့် ရွေးကောက်ပွဲ အထွေထွေစရိတ်များအတွက် သိန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်တို့က ပြောသည်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီမှတ်ပုံတင်ကြေး ကျပ် (၃) သိန်း၊ ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် မှတ်ပုံတင်ကြေး ကျပ် (၅) သိန်း ကောက်ခံမည် ဖြစ်ပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တဦးအတွက် မဲဆွယ်စည်းရုံးစရိတ် ကျပ်သိန်း (၁၀၀) အသုံးပြုနိုင်ကြောင်း သတ်မှတ်ပေးထားသည်။

“ငွေလည်း မရှိဘူး၊ ရုံးလည်း မရှိသေးဘူး၊ ရုံးနေရာအတွက် ရှာနေတုန်းပဲ၊ ကိုယ်စားလှယ်လောင်းစရိတ်အတွက် အဖွဲ့ဝင်တွေထဲကနေ စုဆောင်းနေတုန်းပဲ၊ ငွေရှိတဲ့ လူတွေက တစ်သိန်းထည့်၊ ငွေမရှိတဲ့ လူတွေက ငါးသောင်းထည့်၊ ဒီလိုပဲ လိုက်စုနေရတယ်၊ စီးပွားရေးသမားတွေထဲက ဘယ်သူမှ မထောက်ပံ့သေးဘူး” ဟု မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီခေါင်းဆောင် နိုင်ငွေသိန်းက ပြောသည်။

ရွေးကောက်ပွဲတစ်ခုလုံးအတွက် အထွေထွေအသုံးစရိတ်မှာ သိန်း (၁၂၀၀) ခန့် ကုန်ကျလိမ့်မည် ဖြစ်ကြောင်း ထိုပါတီက ခန့်မှန်းထားသည်။

ကရင်ပြည်သူ့ပါတီက လတ်တလောတွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ယာယီရုံး ဖွင့်လှစ်ထားသည်။ ၄င်းပါတီကလည်း ရွေးကောက်ပွဲအသုံးစရိတ်အတွက် ဘဏ္ဍာရေး အခက်အခဲနှင့် ကြုံတွေ့နေရပြီး ပါတီမှတ်ပုံတင်ကျပါက ရုံးချုပ်အတည်တကျ ဖွင့်ကာ စည်းရုံးရေးဆင်းသွားမည်ဟု ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် စောဆေးဝါးညွန့်က ပြောသည်။

“ငွေရေးကြေးရေး အတော်အခက်အခဲ ရှိတယ်၊ အခုက အဖွဲ့ဝင်တွေကြားကပဲ ဘဏ္ဍာရေး စုဆောင်းနေရတယ်၊ လူထုအင်အားကိုပဲ ကျနော်တို့ ယုံကြည်တယ်၊ တကယ်လို့ ကျနော်တို့ လူထုက တစ်ယောက်ကို ၅၀၀ ကျပ်လောက် ထောက်ပံ့ပေးမယ်ဆိုရင် ကျနော်တို့ အခက်အခဲအားလုံး ပြေလည်သွားမှာပါ” ဟု သူက ပြောသည်။

ကရင်ပြည်သူ့ပါတီက ဧပြီလ ၂၉ ရက်နေ့နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မေလ ၄ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် အသီးသီး ရရှိခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ယှဉ်ပြိုင်အရွေးခံရန် ရည်ရွယ်ထားပြီး ကရင်ပြည်သူ့ပါတီက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်။