လုပ်သက် ၅ နှစ်ပြည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား မလေးရှားအစိုးရက အလုပ်လုပ်ခွင့် သက်တမ်း တိုးမပေးတော့သဖြင့် တရားမဝင် အလုပ်သမားများ ဖြစ်သွားရာမှ ဖမ်းဆီးမှုများပါ ရှိလာသောကြောင့် လွန်ခဲ့သည့် ၃ ပတ်အတွင်း မြန်မာဦးရေ ၁၀၀၀ ကျော် အဖမ်းခံရပြီ ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် မြန်မာလုပ်သား ၂၀၀ ခန့် တရားမဝင် အလုပ်သမားများ ဖြစ်သွားကာ ယခင်ကတည်းက တရားမဝင် နေထိုင်သူများကိုပါ ရဲနှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ရောပြွန်းဖမ်းဆီးနေခြင်း ဖြစ်သည်။
“၅ နှစ်ပြည့်သွားရင် လုံးဝ မပေးတော့ဘူး။ မြန်မာနိုင်ငံ နိုင်ငံရေး မငြိမ်သက်တာရယ်၊ တကယ်လို့ ပြန်ရင်လည်း အစိုးရကို အခွန်ဆောင်ရတာတွေ၊ လမ်းစရိတ်တွေ အများကြီး ကုန်တဲ့အတွက် မပြန်ချင်ကြဘူး။ အလုပ်ပါမစ် မရှိတော့ မလေးအစိုးရက ဖမ်းတယ်” ဟု မလေးရှားအခြေစိုက် ရခိုင် ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ARRC ဒုဥက္ကဋ္ဌ ကိုသန်းဦးက ပြောသည်။
ရဲနှင့် လဝက အာဏာပိုင်များက တရက်လျှင် တရားမဝင် နိုင်ငံခြားသား ဦးရေ ၁၀၀ ခန့် ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် မြန်မာအမျိုးသား၊ အမျိုးသမီးများက ၅၀ ရာခိုင်နှုန်းခန့် ပါဝင်နေသည်။
နိုင်ငံတဝှန်းရှိ မြို့ဒေသများတွင် ကားဂိတ်၊ ရထားဘူတာနှင့် လူသူထူထပ်ရာ နေရာများတွင် ဖမ်းဆီးနေသကဲ့သို့၊ ရဲနှင့် လဝက က မလေးရှား အရပ်သားများကိုပင် ဖမ်းဆီးပိုင်ခွင့် ပေးထားကြောင်း သိရသည်။
မလေးရှားအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ မလေးရှားဌာနခွဲ) နိုင်ငံခြားရေးရာ တာဝန်ခံ ဦးကျော်မိုးက “သက်တမ်း မတိုးပေးတာက အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ မလေးရှားနိုင်ငံလည်း ပြဿနာ အများကြီး ရှိနိုင်မယ်။ တရားမဝင် အလုပ်သမားတွေ ဖမ်းတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက မလေးရှားအနှံ့ အသေးစား ကုမ္ပဏီကအစ မရှိတာ မရှိသလောက်ပဲ။ သူတို့နိုင်ငံသားတွေ မလုပ်ချင်တာ၊ မလုပ်နိုင်တာကို လုပ်တယ်။ ဒါကြောင့် သူတို့နိုင်ငံလည်း ပြဿနာ တက်နိုင်တယ်” ဟု ပြောသည်။
၅ နှစ်သက်တမ်းပြည့် နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်းထပ်မတိုးရန် အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနက ယခုနှစ်ဆန်းပိုင်းတွင် ညွှန်ကြားခဲ့သော်လည်း ပြီးခဲ့သည့်မတ်လ တတိယအပတ်တွင် စတင် အကောင်အထည် ဖော်ကာ ပြီးခဲ့သည့်လ နောက်ဆုံးပတ်တွင် စတင်လိုက်သည့် အဖမ်းအဆီးသည် ယခုတပတ်အတွင်း ပိုမိုကြမ်းတမ်းလာသည်။
အဖမ်းအဆီး အသေးစိတ်ကို ပိုမိုသိရှိရန်အတွက် မြို့နယ် ၃ မြို့နယ်ရှိ လဝက နှင့် အလုပ်သမား ဌာနများသို့ ဆက်သွယ်မေးမြန်းသော်လည်း ၎င်းတို့က ဖြေကြားရန် ငြင်းဆိုကြသည်။
အလုပ်သက်တမ်းတိုးရာ၌ ရိုးရိုး အလုပ်သမားများသည် မလေးရှား ရင်းဂစ် ၁၃၀၀ နှင့် ကုမ္ပဏီက ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရသူများသည် ရင်းဂစ် ၂၈၀၀ ပေးဆောင်ကြရပြီး၊ အလုပ်သမားဌာနများနှင့် လူဝင်မှုကြီးကြပ်ရေးဌာနများက တရက်အတွင်း သက်တမ်းတိုးပေးသည်။ သက်တမ်းတကြိမ်တိုးလျှင် ၂ နှစ်မှ ၅ နှစ်အထိ ရရှိကြသည်။
သက်တမ်းတိုးမရသဖြင့် မြန်မာပြည်သို့ ပြန်ရန်နှင့် မလေးရှားတွင် ဆက်လက်နေထိုင်ရန် ခက်ခဲသောကြောင့် UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဒုက္ခသည်အဖြစ် အစောင့်အရှောက် ရရှိရန်အတွက် လာရောက်လျှောက်ထားသူဦးရေ များပြားလာကြောင်း သိရသည်။
ယခင်က တရက်လျှင် ဒုက္ခသည်အဖြစ် လျှောက်ထားသူ အရေအတွက်မှာ တရက်လျှင် ၁၅ ဦးမှ ၂၀ ဦးအထိ ရှိခဲ့သော်လည်း အလုပ်သမားကဒ် သက်တမ်း တိုးမပေးသည့်နောက် တနေ့လျှင် ဦးရေ ၃၀ မှ ၄၀ အထိ လာရောက်လျှောက်ထားကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ UNHCR ရုံး မြန်မာစကားပြန် ဦးဗျက်လျန်က ပြောသည်။
သို့သော် UNHCR က ဒုက္ခသည်အဖြစ် အလွယ်တကူ သတ်မှတ်ပေးခြင်း မရှိကြောင်း သိရသည်။
ဦးဗျက်လျန်က “UNHCR က အရင်လို ဖြစ်သလို မလုပ်ဘူး။ အတော်လေး ကျပ်လာတယ်။ work permit ကုန်လို့ လာလျှောက်သူတွေတော့ UNHCR က လုံးဝ လက်မခံ ဘူး။ တကယ် မြန်မာနိုင်ငံမှာ နေလို့မရသူတွေနဲ့ မြန်မာပြည်မှာနေရင် အသက်စိုးရိမ်ရသူတွေကို လက်ခံတယ်” ဟု ပြောသည်။
မြို့နယ်ဒေသအသီးသီးတွင် ဖွဲ့စည်းထားသည့် မြန်မာတိုင်းရင်းသား လူမျိုးစုများ အသိုင်းအဝိုင်း တွေ့ဆုံပွဲများတွင် သတ်မှတ်ခဲ့သည့် စာရင်းများအရ မလေးရှားတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၅ သိန်းကျော်နှင့် နိုင်ငံခြားသား အလုပ်သမားပေါင်း ၂ သန်းကျော် ရှိနေသည်။
မလေးရှား အကျဉ်းထောင်း၊ ရဲစခန်း၊ ဒုက္ခသည်စခန်းများတွင် အဖမ်းခံရသူ မြန်မာများမှာ ၉၀၀၀ ကျော် ရှိသည့်အနက် UNHCR လက်မှတ်ကိုင်ဆောင်သူ ၄ဝဝဝ ခန့် ရှိကြောင်းနှင့် UNHCR မှ တာဝန်ရှိသူများက ၁-၂ ခြားဆိုသလို ဦးရေ ၁၀၀ မှ ၂၀၀ ကြားအား ပြန်လည်ထုတ်ပေးနေကြောင်း မြန်မာဒုက္ခသည် အသိုင်းအဝိုင်းက ပြောဆိုသည်။
ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူ ၂ သိန်းနီးပါးရှိသည့်အနက် မြန်မာနိုင်ငံသားများမှာမူ တသိန်းနီးပါး ရှိကြောင်းနှင့် မလေးရှားရှိ နိုင်ငံခြားသား ဒုက္ခသည်များ ထဲတွင် မြန်မာများမှာ အများဆုံးဖြစ်ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် မလေးရှားရှိ UNHCR ရုံး၏ စာရင်းတွင် ဖော်ပြထားသည်။