ကြ့ံဖွံ့ပါတီမှ စစ်တွေတွင် ရေတွင်းများ တူးဖော်ပြီး မဲဆွယ်စည်းရုံး

ကြ့ံဖွံ့ပါတီမှ စစ်တွေတွင် ရေတွင်းများ တူးဖော်ပြီး မဲဆွယ်စည်းရုံး
by -
စံလင်း
ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရပ်ကွက်များတွင် ရေတွင်းများ (တိုကင်တွင်း) တူးဖော်ပေးပြီး မဲဆွယ် စည်းရုံးနေသည်ဟု အရပ်လူကြီး တဦးက....

(နိရဥ္စရာ) ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရပ်ကွက်များတွင် ရေတွင်းများ (တိုကင်တွင်း) တူးဖော်ပေးပြီး မဲဆွယ် စည်းရုံးနေသည်ဟု အရပ်လူကြီး တဦးက ပြောသည်။

အဆိုပါ အရပ်လူကြီးမှာ ရဲနွယ်စု ရပ်ကွက်မှ ဖြစ်ပြီး မဲဆွယ်စည်းရုံး နေပုံကို ယခုကဲ့သို့ ပြောသည်။

“ကြံ့ဖွံ့ ပါတီက ရေတွင်းတွေ တူးဖော်ပေးနေတဲ့ အတွက် ကျွန်တော်တို့ ရဲနွယ်စု ရပ်ကွက်မှာလည်း ရေတွင်း တစ်တွင်း ရတယ်လေ။ အခုဆိုရင် ရပ်ကွက် ၂၀ လောက်မှာ လုပ်ပေးနေတယ်လို့ သိရတယ်။ လုပ်ပေးနေတာက ၄ ရက်လောက် ရှိပါပြီ။ လူထုကို စည်းရုံးတဲ့ သဘောလည်း ပါတာပေါ့။ မဲထည့်ရမှာက ကြာအုံးမှာပါ။ အခု ရေတွင်းရတော့ ယူလိုက်တာပေါ့။”

စစ်တွေမြို့တွင် သောက်သုံးရေ ရှားပါး၍ လူထု အခက်အခဲဖြစ်နေရသည့် အခွင့်အရေးကို ကြံ့ဖွံ့ ပါတီမှ အမိအရ ရယူပြီး စည်းရုံးရေး လုပ်ငန်း စဉ် တရပ်အနေဖြင့် ယခုကဲ့သို့ ရေတွင်းများ တူးဖေါ် ပေးနေခြင်း ဖြစ်သည်။

စစ်တွေ မောလိပ်ရပ်ကွက်မှ ကြံ့ဖွံ့ အဖွဲ့ဝင် ကိုလွှင်မောင်က “ ဘာဘဲ ပြောပြော ကျွန်တော်ကြံ့ဖွံ့ ပါတီက လူထု အကျိုးပြု လုပ်ငန်းတွေကို လုပ်နေတာ ကြာပါပြီ။ စစ်တွေက ရေရှားတဲ ရပ်ကွက်တိုင်းမှာ အဝီစိတွင်း (တိုကင်တွင်း)တွေ တူးပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ တွင်း ၂၀ လောက် တူးပေးသွားမှာ ဖြစ်ပါတယ်။ ဒါတွေက ကျွန်တော်တို့ အဖွဲ့ရဲ့ လူမူရေး ထောက်ကူပြု လုပ်ငန်းတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီသည် နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ခွင့်ပြုချက် မရရှိသေးသော်လည်း ရခိုင်ပြည် အနှံ့ အပြားတွင် ဒေသ အာဏာပိုင်များ၏ အကူအညီများကို ရယူပြီး မဲဆွယ် စည်းရုံးမူများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ဒေသအတွင်းမှ ချမ်းသာပြီး ပညာတတ်သော လူငယ်များကို စည်းရုံးုပြီး ကျေးရွာများတွင် ရေတွင်းတူးပေးခြင်း၊ ဆေးခန်းများ ဆောက်ပေး ခြင်း၊ ကျောင်းများ ဆောက်ပေးခြင်းနှင့် စာကြည့်တိုက်များ အတွက် အလှူငွေများ ထည့်ဝင်ခြင်း စသည်တို့ကို လုပ်ဆောင်နေသည်ဟု သိရသည်။

သို့သော် ရခိုင်ပြည်သူများ အနေဖြင့် စစ်အစိုးရကို အထူး နာကျည်းနေသဖြင့် ယခုကဲ့သို့ အခွင့်အရေးပေးပြီး စည်းရုံးနေသော်လည်း ရွှေးကောက်ပွဲကို တရားသဖြင့် ကျင်းပပြုလုပ်မည် ဆိုပါက ကြံ့ဖွံ့ ပါတီမှာ ရခိုင်တွင် မဲရနိုင်စရာ အကြောင်းမရှိဟု သြဇာတိက္ကမ ရှိသူ ကျေးရွာ လူကြီး တဦးက ပြောသည်။

သို့အတွက် ယခုအခါ ရခိုင်ပြည်နယ်တွင် နာမည်ကြီး စစ်တပ်မှ အငြိမ်းစား ယူထားသူများကို ကြံ့ဖွံ့ ပါတီသို့ သွင်းကာ ရခိုင်လူထုကို စည်းရုံးရန် စီစဉ်နေသည်ဟု စစ်တွေမှ အရပ်လူကြီး တဦးမှ ပြောသည်။

ရုရှားနိုင်ငံတွင် စစ်သံမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၀န်ထမ်းရွှေးချယ်လေ့ကျင့်ရေး အဖွဲ့တွင် ညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သူ ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇံလှကို ကြံ့ဖွံ့ ပါတီ ရခိုင်ပြည်နယ် ဥက္ကဌ အဖြစ် တာဝန်ပေးအပ်ရန် ရာတားထားသည်ဟု ခိုင်လုံသော သတင်းရပ်ကွက် အရ သိရသည်။

Most read this week