အလုပ်လုပ်ခွင့် သက်တမ်း မတိုးပေးသည့်အတွက် UNHCR သို့ လျှောက်ထားသူများ

အလုပ်လုပ်ခွင့် သက်တမ်း မတိုးပေးသည့်အတွက် UNHCR သို့ လျှောက်ထားသူများ
by -
မင်းတော်လဝီ
မလေးရှားနိုင်ငံမှာ အလုပ်သမားဦးရေ ထက်ဝက်လျှော့ချမည့်အစီအစဉ်ကြောင့် လုပ်သက် (၅) နှစ်ပြည့်ပြီး အလုပ်သမားများ သက်တမ်းမတိုးပေးခြင်းကြောင့် UNHCR သို့ လျှောက်ရန် စိတ်ဝင်စား....

မလေးရှားနိုင်ငံမှာ အလုပ်သမားဦးရေ ထက်ဝက်လျှော့ချမည့်အစီအစဉ်ကြောင့် လုပ်သက် (၅) နှစ်ပြည့်ပြီး အလုပ်သမားများ သက်တမ်းမတိုးပေးခြင်းကြောင့် UNHCR သို့ လျှောက်ရန် စိတ်ဝင်စားလာကြသည်။

“မလေးရှားမှာ UNHCR ကဒ်ရရှိထားတဲ့ ဒုက္ခသည် အယောက် ၉၈ဝဝဝ ကျော်ရှိတယ်၊ ကဒ်ရရှိဖို့ အသိမှတ်ပြုခံထားရတာက တသိန်းလောက် ရှိတယ်၊ အခုလို လုပ်သက် ၅နှစ် ပြည့်လို့ ထပ်မတိုးပေးတော့၊ UNHCR လျှောက်ဖို့ကို သူတို့တွေ စိတ်ဝင်စားလာတယ်” UNHCR ရုံးနှင့် အဆက်အသွယ်ရှိသူ ကိုမင်းမင်းက ပြောသည်။

သို့သော် ယခုကဲ့သို့ အလုပ်လုပ်ခွင့် သက်တမ်းထပ်မရပဲ မိမိနိုင်ငံသို့ မပြန်လိုသူများကို UNHCR အနေနှင့် အသိအမှတ်ပြုပေးရန် မရှိသေးကြောင်း၊ တကယ့်ဒုက္ခသည် ဖြစ်သူများကိုသာ UNHCR အသိအမှတ်ပြုသွားမည်ဖြစ်သည်ဟု ၄င်းက ပြောသည်။

အလုပ်သမား ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ သက်တမ်းထပ်မတိုးပေးခြင်းကို နှစ်ဦးပိုင်းက တရားဝင်ပြောကြားခဲ့သော်လည်း ယခုရက်ပိုင်းမှစကာ အကောင်အထည်ဖော်လာလေသည်။

“မလေးရှားမှာ အလုပ်သမားတွေ (၃) နှစ်စာချုပ်နဲ့ ပထမအလုပ်လုပ်ခွင့် ရတယ်၊ အလုပ်ရှင်က ကြိုက်ရင် နောက်ထပ် (၂) နှစ်ဆက်လုပ်ခွင့်ပေးတယ်၊ ၅ နှစ်သက်တမ်း ကုန်သွားလို့ရှိရင် ကိုယ့်နိုင်ငံ ကိုယ်ပြန်ရတယ်” ဟု အန်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) မလေးရှားမှ ဦးကျော်ကျော်က ပြောသည်။

အလုပ်သက်တမ်း ထပ်မတိုးပေးသည့်အတွက် နေရပ်ရင်းသို့မပြန်လိုသူတွေများမှာ မြန်မာနိုင်ငံမှ အလုပ် လုပ်နေသူများ အများဆုံးဖြစ်ပြီး၊ ဒုက္ခသည်အဖြစ် လျှောက်ထားရန် ကြိုးစားလာကြသည်။ လက်ရှိဒုက္ခသည်အဖြစ် UNHCR အသိအမှတ်ပြု လက်မှတ်ကိုင်ဆောင်သူတွေကိုသာ နေရပ်ရင်းသို့ ပြန်ပို့မည့် အစီအစဉ်မှာ မပါဝင်သေးဘူးလို့ ဦးကျော်ကျော်က ဆက်ပြောသည်။

မလေးရှားအစိုးရမှ သက်တမ်းတိုးခွင့်ကို ရပ်ဆိုင်းရန် ယခင်က စီစဉ်ခဲ့သော်လည်း ဖေဖေါ်ဝါရီလ နောက်ပိုင်းမှ အကောင်အထည်ဖေါ်လာပြီး၊ မေလအတွင်းမှာ စိစစ်မှုများ၊ ဖမ်းဆီးမှုများ သိသာစွာများလာသည်။ အိုဗာစတေးဖြင့် နေထိုင်သူများ ပိုအဖမ်းခံရပြီး ဒုက္ခသည်အဖြစ် လိုလားလာကြသော်လည်း ယူအန်ရုံးမှ ဒုက္ခအစစ်ကိုသာ လက်ခံသည်ဟု ကိုမင်းမင်းက ပြောသည်။။

မလေးရှာနိုင်ငံမှာ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားဦးရေ များပြားလာခြင်းကြောင့် မလေး ရှားဒေသခံများ အလုပ်လက်မဲ့ဖြစ်ပေါ်လာခြင်း၊ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကြောင့် နိုင်ငံအတွင်း မှူးခင်းများတိုးပွားလာခြင်းနှင့် နိုင်ငံအတွင်း စီးပွားရေးကျဆင်းလာမှုကြောင့် ယခုလို အလုပ်သမားများ လျှော့ချခြင်းဖြစ်တယ်လို့ ကိုမင်းမင်းက ပြောသည်။

မလေးရှားနိုင်ငံတွင် ရွေ့ပြောင်းအလုပ်သမား (၂.၂) သန်းရှိပြီး၊ မလေးရှားအစိုးရမှ (၁.၅) သန်းထိလျှော့ချရန် ရည်ရွယ်ထားသည်။