မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် ၁၈ လ ထိန်းသိမ်းထားသည့် အမှုအတွက် အထူးအယူခံကို ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ ယနေ့တင်သွင်းရာ တရားရုံးက လက်ခံခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက ပြောသည်။
နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံနေရသည့် ဒီမိုကရေစီ ခေါင်းဆောင်၏ အမှုပြင်ဆင်ချက်ကို ဗဟိုတရားရုံးချုပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပယ်ချခဲ့ပြီးနောက် အထူးအယူခံကို ထပ်မံလျှောက်ထားခဲ့ရာ လက်ခံလိုက်ခြင်း ဖြစ်သည်။
“ပြစ်ဒဏ်ပြင်ဆင်ချက် တင်သွင်းထားတာကို ပယ်ချလိုက်တဲ့အတွက် နောက်တဆင့် တက်ပိုင်ခွင့် ရှိတယ်။ ဒါကြောင့် အထူးအယူခံ တက်ခွင့်ပြုပါလို့ ဒီနေ့ လျှောက်လွှာတင်တယ်။ လက်ခံလိုက်ပြီ” ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။
ဖေဖော်ဝါရီလက ပယ်ချခဲ့သည့် ပြစ်ဒဏ်ပြင်ဆင်မှု လျှောက်လဲရာတွင် တရားသူကြီး ၂ ပါး ရှေ့မှောက်တွင် လျှောက်လဲကြခြင်းဖြစ်ပြီး၊ ယခု အထူးအယူခံအဆင့်တွင် တရားသူကြီး ၃ ပါးရှေ့တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲရမည် ဖြစ်သည်။ လျှောက်လဲရမည့် နေ့ရက်ကို မကြာမီ တရားရုံးက ကြေညာပေးသွားမည် ဖြစ်သည်။
ယခုအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အနိုင်ရခဲ့ပါက နေပြည်တော်ရှိ တရားသူကြီးချုပ် (သို့မဟုတ်) ဒုတရားသူကြီးချုပ်ကိုယ်တိုင် အမှုကို ကြားနာစစ်ဆေးရမည်ဖြစ်သည်။ ရှုံးနိမ့်ခဲ့ပါမူ အယူခံ ထပ်မံတင်သွင်းရန် မရှိတော့ကြောင်း သိရသည်။
ထို့ကြောင့် အမှုကိစ္စနှင့် ပတ်သက်၍ မကြာမီရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ဦးကြည်ဝင်းက ပြောသည်။
“အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်နဲ့ ဦးဉာဏ်ဝင်းတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်ပြီး တွေ့ဆုံရမယ်၊ ဆွေးနွေးရမယ်၊ လမ်းညွှန်ချက်ယူရမယ်” ဟု သူက ပြောသည်။
နေအိမ်အတွင်း ရေကူးဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်း စုကြည်အား ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့က ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
သို့သော် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လသို့ ပြောင်းလဲသတ်မှတ်ရန် ညွှန်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းးစုကြည်နှင့်အတူ နေထိုင်သည့် ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့အတွက် ရှေ့နေ ဦးလှမျိုးမြင့်က ယခုလ ရ ရက်နေ့တွင် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ရာ လက်ခံခဲ့ကြောင်း သိရသည်။
၎င်းတို့ သားအမိနှစ်ဦးကိုလည်း မြောက်ပိုင်းခရိုင် တရားရုံးက နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးလိုသူအား ကူညီသည့် ပုဒ်မ ၂၂/၁ဝ၉ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။ ထို့နောက် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်ရန် ပြောင်းလဲချမှတ်ခဲ့သည်။