ရန်ကုန်ရေကစားမဏ္ဍပ်ရှေ့ ဗုံးများဖောက်ခွဲသည်ဆိုသော သံသယဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးကို စစ်အစိုးရက ဖမ်းဆီးထားပြီး စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များ (VBSW) လက်ချက်ဖြစ်သည်ဟု စွပ်စွဲလိုက်သည်။
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နေ ကိုဖြိုးဝေအောင် (ခ) မိုဟာမက်ယှာဗန် အသက် ၃၁ နှစ်ကို ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး တပတ်အကြာတွင် ဖမ်းမိခြင်းဖြစ်သည်ဟု နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်၌ ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ပြောဆိုသွားသည်။
ဧပြီလ ၁၅ ရက်နေ့က X20 သင်္ကြန်ရေကစားမဏ္ဍပ်ရှေ့တွင် လက်ပစ်ဗုံး၃ လုံးကို VBSW အဖွဲ့ဝင် ၃ဦးက ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ကိုဖြိုးဝေအောင်မှာ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ် စောင့်ကြည့်ပေးခဲ့သည်ဟု ရဲချုပ်ခင်ရီ က ပြောသည်။
ရဲ၏ထုတ်ပြန်ချက်တွင် သားသမီး ၂ ဦး ဖခင် ကိုဖြိုးဝေအောင်မှာ AGTI (EP)ဘွဲ့ရဖြစ်ပြီး ၂ဝဝ၉ ခုနှစ် နှောင်းပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ VBSW အဖွဲ့ထံ ၂ ကြိမ်သွားရောက်ပြီး ဖောက်ခွဲရေးသင်တန်း တက်ခဲ့သည်ဟု ပါရှိသည်။
၂ဝဝ၆ ခုနှစ်တွင် တောင်ဥက္ကလာပမြို့နယ် ဆာကူရာ ဆောက်လုပ်ရေးတွင် ကိုဖြိုးဝေအောင် အင်ဂျင်နီယာအဖြစ် ဝင်ရောက်လုပ်ကိုင်စဉ် စွမ်းအားမြှင့်အဖွဲ့မှ ကိုသူရဇော် (ခ) ကိုသီဟဇော်နှင့် ရင်းနှီးပြီး ကန်ထရိုက်လုပ်ငန်းများ ပူးတွဲလုပ်ကိုင်ခဲ့သည်ဟု ဆိုသည်သည်။
မပေါက်ကွဲသေးသော ဟန်းဖုန်းနှင့် ခွဲရသည့် ဗုံးတလုံးကို တွေရှိကြောင်းလည်း ရဲက ပြောသည်။
သို့သော် စွမ်းအားမြှင့်သာမကဘဲ အခြားသော ပြည်ပအခြေစိုက် လက်နက်ကိုင် အတိုက်အခံ အဖွဲ့အစည်းများနှင့်ပါ ချိတ်ဆက်ပြောပြန်သည်။
” စွမ်းအားမြှင့်ရဲ့လူတွေက ခွဲသွားတာ၊ စွမ်းအားမြှင့်ဆရာက ABSDF ABSDF ရဲ့အုပ်ထိန်းသူက DAB၊ DAB ရဲ့ Godfather NCUB၊ NCUB ရဲ့ဥက္ကဌက KNU လို့ပြောတယ်” ဟု သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ တဦးက မဇ္ဈိမသို့ ပြောသည်။
သုံးလုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် စစ်ဒေသမှူးအပါအဝင် လူ ၁ဝ ဦးသေဆုံးပြီး လူ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့သည်။
နောက်ရက်အနည်းငယ်အတွင်း ကချင်ပြည်နယ်ရှိ အငြင်းပွားဖွယ်ရာ တရုတ်နိုင်ငံနှင့် ဖက်စပ် လုပ်ကိုင်နေသော ဆည်စီမံကိန်း၊ မူဆယ် ၁ဝ၅ မိုင်တို့တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ကယားပြည်နယ် လွိုင်ကော်တွင်တော့ ရဲက သံသယရှိသူတဦး စစ်ဆေးနေစဉ် ဗုံးခွဲသတ်သေသွားသဖြင့် ရဲ ၄ ဦးပါ ဒဏ်ရာရသွားသည်။
ဗုံးပေါက်ကွဲသော မြင်ကွင်းများကို ဓာတ်ပုံရိုက်ခဲ့သူ ဓာတ်ပုံသတင်းထောက် ဦးဇေယျနှင့် သူ၏သားဖြစ်သူ ကိုစည်သူဇေယျတို့ကို ဗုံးကွဲမှုနှင့်ပတ်သက်ပြီး သံသယ ရှိသောကြောင့် စစ်ဆေးနေကြောင်းနှင့် မပတ်သက်လျှင် လွှတ်ပေးမည်ဖြစ်ကြောင်း ရဲချုပ်ခင်ရီက ပြောသွားသည်။
ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြစ်ဆုံ ဆည်စီမံကိန်း ဗုံးပေါက်ကွဲမှုတွင် တွေ့ရသော ဗုံးများမှာ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ပြောင်းရေး အဆိုပြုချက်ကို လက်မခံသော အပစ်ရပ် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ပိုင် ဗုံးများနှင့် တူသည်ဟု ပြောကြားသွားသည်။