ပါတီဖျက်သိမ်းမှု မပြုရေး တားဝရမ်းထုတ်ပေးရန်နှင့် လွှတ်တော်အမတ်များအဖြစ် ဆက်လက် ရပ်တည်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်အမတ် ၂၆ ဦးက ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားခဲ့သည်ကို ရန်ကုန်တိုင်း တရားရုံးချုပ်က ယမန်နေ့တွင် ပယ်ချလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်အမတ်များက လျှောက်ထားရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ပေါင်မြို့နယ် လွှတ်တော်အမတ် ရှေ့နေ ဦးဉာဏ်ဝင်းထံ တရားရုံးချုပ်မှ ညွှန်ကြားရေးမှူးတဦးက ယမန်နေ့ ညနေပိုင်းတွင် ဖုန်းဆက်၍ ပယ်ချလိုက်ကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ တင်ထားတဲ့ အမှုတွေက ဥပဒေ (ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ) မှာ ပြဋ္ဌာန်းပြီး ဖြစ်နေတဲ့အတွက် လက်မခံဘူးဆိုပြီးတော့ ပြောတယ်။ အဲဒါ သူတို့ရဲ့ အကြောင်းပြချက်ပဲ။ ငြင်းပယ်လိုက်တဲ့အကြောင်း တရားရုံးချုပ်ရဲ့ ဒါရိုက်တာတဦးက မနေ့က ညနေမှာ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
“အခုလို ဆောင်ရွက်ချက်ဟာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူး။ ကျနော်တို့ကို ငြင်းပယ်လိုက်တာက ဥပဒေ ဝန်ထမ်းတဦးက ပြောတာပဲ ဖြစ်တယ်။ ကျနော်တို့ နားလည်တာက ဒီအမှုမှာ ဝန်ထမ်းက ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အခွင့်အာဏာရှိတာက တရားသူကြီးပဲ ဖြစ်တယ်။ ဒီအချက်အလက်တွေကို ကျနော်တို့ လေ့လာပြီးတော့ လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်ပါမယ်” ဟု သူက ဆက်ပြောသည်။
NLD သည် ၁၉၈၈ ခုနှစ် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့သော ပါတီဖြစ်ကြောင်းနှင့် စစ်အစိုးရက ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံများ မှတ်ပုံတင်ခြင်း ဥပဒေက ရက် ၆ဝ အတွင်း ပြန်လည်မှတ်ပုံမတင်လျှင် အလိုအလျောက် ပျက်ပြယ်သွားမည်ဆိုခြင်းကို NLD ပါတီတည်ထောင်သူ တဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သောအားဖြင့် တရားရုံးမှနေ၍ တားဝရန်းထုတ်ပေးရန် လျှောက်ထားခြင်း ဖြစ်သည်။
ထို့ပြင် လက်ရှိကော်မရှင် ဥပဒေအရ ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော လွှတ်တော်အမတ်များ၏ သက်တမ်းမှာ အလိုအလျောက် ပျက်ပြယ်သည်ဆိုခြင်း မှာလည်း ထိခိုက်နစ်နာမှု ဖြစ်သောကြောင့် ၎င်းတို့၏ ရပ်တည်ပိုင်ခွင့်ကို အသိအမှတ်ပြု ကြေညာပေးရန်နှင့် လွှတ်တော်ခေါ်ယူပေးရန် NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ အပါအဝင် လွှတ်တော်အမတ် ၂၆ ဦးက တရားရုံုးသို့ လျှောက်ထားခြင်းလည်း ဖြစ်သည်။
ထိုအထဲတွင် NLD ပြန်လည်မှတ်ပုံတင်ရေး၊ မတင်ရေး အငြင်းပွားမှုတွင် မှတ်ပုံတင်လိုသော လူနည်းစုဘက်မှ ဦးခင်မောင်ဆွေ (စမ်းချောင်းမြို့နယ်) နှင့် ဒေါက်တာ သန်းငြိမ်း (ကျောက်တန်းမြို့နယ်) အစရှိသည့် လွှတ်တော်အမတ် ၂ ဦးလည်း ပါဝင်သည်။
ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးကျော်ဟိုးတို့က သွားရောက်လျှောက်ထားခဲ့ပြီး လျှောက်ထားချက် အဆိုပြုလွှာ များကို နေ့လည် ၁ နာရီတွင် တရားရုံးချုပ်မှ ဒုညွှန်ကြားရေးမှူး ဒေါ်စုငယ်က လက်ခံရယူခဲ့ခြင်း ဖြစ်သည်။
NLD သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ၄၈၅ ဦးအနက် ၃၉၂ နေရာ အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခံခဲ့ရကာ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ မနက်ဖြန်တွင် ပါတီသည် ပျက်ပြယ်သွားမည်ဖြစ်သည်။
လွှတ်တော်အမတ်များအနက် အဖမ်းခံရသူ ၁၄ ဦး၊ ပြည်ပသို့ တိမ်းရှောင်သွားသူ ၄၄ ဦးရှိပြီး ၉၅ ဦးမှာမူ ကွယ်လွန်သွားပြီဟု သိရသည်။